သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနဲ့ယူကရိန်း မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ဖို့ရှိ


ဆီးရီးယားလက်ရှိခေါင်းဆောင် Ahmed al-Sharaa (ခေါ်) Abu Mohammed al-Golani (ယာ) က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha ကို မြို့တော်ဒမတ်စကက်မှာ လက်ခံတွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)
ဆီးရီးယားလက်ရှိခေါင်းဆောင် Ahmed al-Sharaa (ခေါ်) Abu Mohammed al-Golani (ယာ) က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha ကို မြို့တော်ဒမတ်စကက်မှာ လက်ခံတွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံအနေနဲ့ ယူကရိန်းနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Assad Hassan Al-Shibani က ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။

“ယူကရိန်းနဲ့ ဆီးရီးယားနိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုကိစ္စအဝဝကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားကြမှာပါ။ သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ယူကရိန်းနိုင်ငံနဲ့ပဲ စတင်ပါမယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်” - လို့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဆီးရီးယားနိုင်ငံမှာ ရုရှားရဲ့ဩဇာသက်ရောက်မှု လျော့ကျလာနေချိန်မှာပဲ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားကို ရောက်သွားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေး သဘောတူခဲ့ကြတာပါ။

ရုရှားဟာ အရင် ဆီးရီးယားအာဏာရှင်ဟောင်း Bashar al-Assad ကို အဓိက ကျောထောက်နောက်ခံ ပေးခဲ့ပြီး သူတိုင်းပြည်က ထွက်ပြေးတဲ့အခါမှာလည်း ရုရှားနိုင်ငံမှာ ခိုလှုံခွင့်ပြုထားပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေရဲ့ အနာဂတ်ကိစ္စအပါအဝင် ဆီးရီးယားအုပ်ချုပ်ရေးအဖွဲ့အသစ်နဲ့ သူတို့ ထိတွေ့ဆံမှုရှိနေကြောင်း ရုရှားက ပြောပါတယ်။

ယူကရိန်းက ဆီးရီးယားနိုင်ငံကို စားနပ်ရိက္ခာအကူအညီတွေ ပံ့ပိုးပေးသွားဖို့ ကတိပြုထားတာမှာ ပထမအသုတ်အဖြစ်နဲ့ မက်ထရစ်တန်ချိန် ၅၀၀ ပို့ပေးမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy က ပြီးခဲ့တဲ့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG