သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA နဲ့ BBC သတင်းအစီအစဉ်တွေကို အာဖဂန်မှာ တာလီဘန်တို့ ပိတ်ပင်


Pashto ဘာသာစကားနဲ့ ထုတ်လွှင့်နေတဲ့ VOA Website. (မတ် ၂၇၊ ၂၀၂၂)
Pashto ဘာသာစကားနဲ့ ထုတ်လွှင့်နေတဲ့ VOA Website. (မတ် ၂၇၊ ၂၀၂၂)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံတွင်းက ပုဂ္ဂလိက ရုပ်သံလွှင့်လုပ်ငန်းတွေအနေနဲ့ VOA အမေရိကန်အသံနဲ့ BBC ဗြိတိသျှအသံလွှင့် ကော်ပိုရေးရှင်းတို့ရဲ့ သတင်းအစီအစဉ်တွေ ထုတ်လွှင့်မှုကို တာလီဘန်က တားမြစ်လိုက်ပါတယ်။

ဆယ်ကျော်သက် အာဖဂန်မိန်းကလေးတွေအတွက် ကျောင်းတွေ ဆက်ပိတ်ထားတဲ့အပေါ် ရှုတ်ချမှုတွေနဲ့ တာလီဘန်အပေါ် နိုင်ငံတကာက အကြီးအကျယ် ဖိအားပေးနေချိန်မှာပဲ VOA နဲ့ BBC အစီအစဉ်တွေကို တားမြစ်ချက် ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း နိုင်ငံအာဏာကို ထိန်းချုပ်ပြီးနောက်ပိုင်း အစ္စလာမ္မစ်အဖွဲ့ တာလီဘန်က အာဖဂန်မီဒီယာတွေရဲ့ လွတ်လပ်စွာ ဖော်ပြခွင့်ကို ဆက်တိုက် ထိန်းချုပ် ကန့်သတ်နေတာ ဖြစ်ပါတယ်။
VOA အစီအစဉ်တွေ ထုတ်လွှင့်မှုကို တာလီဘန်က ပိတ်ပင်တဲ့အပေါ် ဝါရှင်တန်အခြေစိုက် VOA က ချက်ချင်း ရှုတ်ချပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာ ဆိုးရွားလှတဲ့ ဒီဆုံးဖြတ်ချက်ကို တာလီဘန်ဘက်က ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းကြောင်း VOA ရဲ့ ယာယီညွှန်ကြားရေးမှူး Yolanda Lopez က တနင်္ဂနွေနေ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တာလီဘန်တို့ဘက်က ချမှတ်ကျင့်သုံးဖို့ ကြံစည်နေတဲ့ ကန့်သတ် တားမြစ်မှုဟာဆိုရင် အာဖဂန်နစ္စတန် ပြည်သူတွေနဲ့ ထိုက်တန်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့လည်း VOA ရဲ့ ယာယီညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။

အာဖဂန်နိုင်ငံတွင်း အဓိက ဘာသာစကား ၂ ခုဖြစ်တဲ့ Pashto နဲ့ Dari ဘာသာစကားတွေနဲ့ VOA ရဲ့ နာရီဝက်စာ သတင်းအစီအစဉ်ကို အာဖဂန် မိတ်ဘက်အသံလွှင့်ဌာနတွေဖြစ်တဲ့ TOLO News နဲ့ Shamshad TV တို့အတွက် သီတင်းတပတ်ကို ၅ ရက် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

VOA ရဲ့ မိတ်ဘက် ရုပ်သံဌာနတွေအပေါ် တာလီဘန်ရဲ့ တားမြစ်ချက်အပေါ် စိတ်ပျက် ဝမ်းနည်းရကြောင်း၊ ဒါပေမယ့် အာဖဂန်ပြည်သူတွေအတွက် တိကျတဲ့ သတင်းအချက်အလက်တွေ ပေးအပ်ရေးက VOA ရဲ့ ပိုင်းဖြတ်ချက်တခုဖြစ်ပြီး ရုပ်သံ၊ ရေဒီယိုနဲ့ အင်တာနက်တွေ၊ နောက် လူမှုကွန်ရက် မီဒီယာတွေကနေ ဆက်လက် ထုတ်လွှင့်မယ့် အကြောင်းလည်း Lopez က ထပ်လောင်း ပြောပါတယ်။

BBC World Service ရဲ့ ဘာသာစကား ဌာနများရဲ့ အကြီးအကဲကတော့ BBC ရဲ့ သတင်းအစီအစဉ်ကို တားမြစ်ချက်ကို တာလီဘန်ဘက်က ချက်ချင်းရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ အသံလွှင့် အစီအစဉ်တွေကို အာဖဂန်ရုပ်သံလိုင်းတွေကနေ ဖယ်ရှားဖို့ ညွှန်ကြားခဲ့လားဆိုပြီး တာလီဘန် ပြန်ကြားရေးဌာန ပြောခွင့်ရတဦးကို မေးမြန်းတာမှာတော့ သူ့အနေနဲ့ အချက်အလက်တွေကို စုဆောင်းပြီး ပြန်ဖြေပါ့မယ်လို့ VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)












XS
SM
MD
LG