သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ AA ကိုယ်စားလှယ်တွေ ပန်ဆန်းမှာ ဆွေးနွေး


လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်က ရွာတရွာမှာ တွေ့ရ။ (အောက်တိုဘာ ၁၆၊ ၂၀၁၆)
လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်က ရွာတရွာမှာ တွေ့ရ။ (အောက်တိုဘာ ၁၆၊ ၂၀၁၆)

[Zawgyi/Unicode]

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဝလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ ဒေသမှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၁ လလောက် ရှိလာချိန်မှာပဲ နှစ် ဘက် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ မနေ့တုန်းက ၁ နာရီလောက်ကြာ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်တယ်လို့လည်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“မနေ့က ပန်ဆန်းမှာ မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ ရခိုင့်တပ်တော်ကကိုယ်စားလှယ်အဖွဲ့တွေ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာရှိတယ်ဗျ။ အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဘက်အပစ်ခတ်ရပ်စဲရေးကိစ္စကို သေချာအောင်လုပ်ဆောင်နိုင်ဖို့ အဲဒီကိစ္စတွေကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်ဗျ။”

တပ်မတော်နဲ့ AA အဖွဲ့ကြား ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပထမဆုံးအကြိမ် အွန်လိုင်းက ဆွေးနွေးခဲ့ကြပြီးနောက် အခုနောက်ထပ် တိုက်ရိုက်တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ AA အဖွဲ့ဘက်က ပြောဆိုတာမျိုး မရှိသလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်အောင် တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ပေမဲ့လည်း မရခဲ့ပါဘူး။

မနေ့ကတွေ့ဆုံမှုမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်အဖွဲ့ကို စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီဦးဆောင်ခဲ့ပြီး AA အဖွဲ့ကိုတော့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ခဲ့တာပါ။

နိုဝင်ဘာလ ၂၅ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံရာမှာတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ကျင်းပနိုင်ရေး၊ ခက်ခဲတဲ့ဒေသတွေကို ဆေးဝါးရိက္ခာ ပို့ဆောင်ရေး၊ အပြန်အလှန်ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း AA အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ခိုက်မှုတွေ ရပ်စဲပြီး ဆွေးနွေးမှုတွေ စတင်နေတဲ့အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တို့လို ရခိုင်နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆိုကြပါတယ်။

“ဒီလိုတိုက်ခိုက်နေတဲ့အစား ရပ်စဲပြီးမှ ဒီလိုစားပွဲဝိုင်းတွေမှာ ထိုင်ပြီးမှ ဆွေးနွေးတယ်ဆိုတာ ကောင်းတဲ့လက္ခဏာပဲလေ။ ကြိုဆိုရမှာပေါ့။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းကိုသွားတယ်ဆိုတော့ တဆင့်ပြီးမှ တဆင့်သွားရမှာပေါ့။ အကောင်းဆုံးဖြစ်ဖို့တော့ မျှော်လင့်တယ်ပေါ့နော်။"

ပြီးခဲ့တဲ့လကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပေမဲ့ တပ်မတော်က အင်အားဖြည့်တင်းနေတဲ့ သတင်းတွေကြောင့် တိုက်ခိုက်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြောင်းလည်း ပထမတကြိမ်တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကျောက်တော်မြို့နယ်က ဒေသခံတဦးဖြစ်တဲ့ ဦးကျော်မိုးကလည်း တပ်မတော်က အင်အားဖြည့်တင်းနေတဲ့ လုပ်ရပ်တွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ သူတို့က ကားနဲ့တမျိုး၊ သင်္ဘောနဲ့ ဒီဇက် NAVY ပေါ့နော်တမျိုး။ လက်နက်အင်အားနဲ့ လူအင်အားဖြည့်နေတာကိုတော့ ကျနော်တို့ မြင်တွေ့ရတယ်။ စစ်အင်အားဖြည့်နေတဲ့အချိန်မှာတော့ ကျနော်တို့ မပြန်ရဲဘူး။"

ရခိုင်ပြည်နယ်မှာ တလလောက်ကြာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်သူ တချို့လည်း ရှိပါတယ်။ ဒါပေမဲ့လည်း ခန့်မှန်းခြေ ရှိပေမဲ့ အများစုကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။ တပ်မတော်နဲ့ AA အဖွဲ့ကြား ၂ နှစ်လောက်ကြာ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေ ကြုံနေရတာကြောင့် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေကလည်း တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG