မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် လူသေဆုံးပြီး နေအိမ်တွေ မီးလောင် ပျက်စီးရပါတယ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မကွေးတိုင်း ရေစကြိုမှာတော့ နေအိမ်တွေ မီးရှို့ခံရပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက တိုက်ပွဲတွေ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အနောက်ဖက် တောင်သာ- ဇဂျမ်းလမ်းပိုင်းပေါ်မှာရှိတဲ့ နတ်စောင့်ရွာကို မတ်လ ၄ ရက် ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၆ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တောင်သာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက အခုလို ပြောပါတယ်။
"လူသေတာက နေရာတင်ကို ၆ ယောက်ပဲ။ ၆ ယောက်ကို အလောင်းက ၁ လောင်းပဲရတယ်။ ကျန်တဲ့ ၅ လောင်းက အရိုးစုပဲရလိုက်တာပေါ့။ မီးလောင်ကုန်တာပေါ့။ တစစီဖြစ်ပြီး မီးလောင်ကုန်တာပေါ့။ ရုပ်အလောင်း မရလိုက်ဘူး။ ဒဏ်ရာရတာလည်း ၄ ယောက် ၅ ယောက် နီးပါးရှိတယ်။ အိမ်ခြေ ၂၅ အိမ်လောက် မီးလောင်သွားတယ်။ ညအချိန်မတော် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာပေါ့။ ပြောရရင်တော့ စစ်ရေးဇုံ လည်းမရှိဘူး။ စစ်ရေးဖော်ဆောင်တာလည်း မရှိဘူး။ အဲ့ဘက်က ပြည်သူတွေက စစ်နဲ့ ပတ်သက်လို့ အနိဌာရုံ မြင်ကွင်းလည်း မမြင်ဖူးဘူး။ စစ်နဲ့ပတ်သက်လို့ စစ်ရဲ့ ဆိုးကျိုးကိုလည်း မခံစားဖူးဘူး။ စစ်နဲ့ အတွေ့အကြုံလည်း မရှိဘူးလေ။ အဲ့မှာ ပုံမှန်လယ်ယာစိုက်ပျိုး အေးဆေး နေနေကြတဲ့အချိန် ဝင်ပြီးတော့ ချသွားတာဆိုတော့ ဒါထိခိုက်မှု များတာပေါ့ဗျာ။ အိမ်ထောင်စုနဲ့ အိမ်ခြေ စိပ်တဲ့နေရာတွေဖြစ်တော့ ပိုပြီးတော့ ထိခိုက်တာပေါ့။"
နတ်စောင့်ကျေးရွာဟာ တောင်သာမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးပြီး လက်ရှိဒေသခံတွေတိမ်းရှောင်နေကြသလို နေထိုင်စားသောက်ရေးအတွက် ကာကွယ်ရေး တပ်ဖွဲ့တွေက ကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ဘက်မှာဆိုရင်လည်း စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး အပြင်းအထန်ခုခံနေပါတယ်။ တန့်ဆည်မြို့နဲ့ ၁ မိုင်ခွဲ အကွာလောက်မှာရှိတဲ့ ဝါရငယ်၊ ဆင်ငယ်၊ အင်ကုက္ကားနဲ့ တန့်ဆည်မြို့ လမ်းဆုံမှာရှိတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့နေရာတွေကို မတ်လ ၄ ရက် မနက်ပိုင်းကစလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာပါ။ တိုက်ပွဲဖြစ်နေတဲ့ အနီးက ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေ တိမ်ရှောင်နေရပြီး မတ်လ ၅ ရက်နေ့အထိ တိုက်ပွဲတွေ ရှိနေတယ်လို့ တန့်ဆည် ဒေသခံတဦးက အခုလို ပြောပါတယ်။
"မနေ့မနက် ၄ နာရီလောက်ကတည်းက စဖြစ်တာ ဒီကနေ့အထိအောင်ပဲ။ ဝါရငယ်ရယ်၊ ဆင်ငယ်၊ အင်ကုက္ကားရယ်၊ တန့်ဆည်မြို့ပေါ်ရယ် ဖြစ်နေတာ။ သူက ပျူစခန်းတွေ အဲ့မှာသူတို့က စခန်းအထိုင်လေးတွေချထားတာ။ အဲ့နားက ၇ ရွာလောက်က တိမ်းနေရတာပေါ့။ ခုနကကို လေယာဉ်နဲ့ လာပြီးတော့ ၂ လုံးချသွားပြန်ပြီ။ ဒီနေ့ အခုချိန်ထိအောင်ကို ပစ်တုန်း ခတ်တုန်းပဲ။ နောက်ဆုတ်လိုက် ဝင်လိုက်ပစ်လိုက် လေယာဉ်နဲ့ လာချလိုက်နဲ့ လုပ်နေတာ။"
တိုက်ပွဲပြင်းထန်နေတဲ့အတွက် ၂ ဖက် ထိခိုက်ကျဆုံးမှု မသိရသေးသလို စစ်ကောင်စီဘက်ကကော ကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်း ဘက်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အတွင်း နေအိမ်တွေ မီးရှို့ခံနေရပါတယ်။ မတ်လ ၃ ရက်မှာ မြေစွန်းတော် ကျေးရွာက နေအိမ်တွေ မီးရှို့ခဲ့ပြီးနောက် မတ်လ ၅ ရက်မှာတော့ မြေစွန်းတော်ကျေးရွာနဲ့ ကပ်လျက်မှာရှိတဲ့ ဇရပ်နီကျေးရွာဘက် စစ်ကြောင်းထိုးလာသလို လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာပါ။ အဲ့ဒီနောက် နေ့လည်ပိုင်းမှာတော့ သာဂေါင်လေးကျေးရွာက နေအိမ်တွေကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးနေတယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
"ဒီမနက်ခင်း အစောပိုင်းမှာ ဇရပ်နီကျေးရွာဘက်ကို စစ်ကောင်စီတပ်သားတွေက ပစ်ဝင် ဝင်လာတယ်ပေါ့နော်။ ဝင်လာပြီးတော့ ဟောင်ဝှစ်ဇာတွေနဲ့လည်း ၂၅၆ တပ်ထဲကနေ ပစ်ကူပေးတယ်ပေါ့နော်။ နောက်ပြီး ဂျက်ဖိုက်တာ ၁ စီးနဲ့လည်း လေကြောင်းတိုက်ခိုက်မှု လုပ်သွားသေးတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သာဂေါင်လေး ကျေးရွာဘက်ကို မီးထပ်ရှို့တယ်။"
တိုက်ပွဲပြင်းထန်နေတာကြောင့် မီးလောင်ကျွမ်းတဲ့နေအိမ်အရေအတွက် အတိအကျ မသိရသေးသလို အရပ်သားအချို့လည်း သတ်ဖြတ်ခံရတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုချက်မရရှိသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ရေလယ်ကျွန်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးဖမ်းဆီးခံခဲ့ရတာတွေရှိလို့ စစ်တပ်ဘက် တကျော့ပြန် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာလည်းဖြစ်ပါတယ်။
Forum