သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီစီမံကိန်းအနီး ပစ်ခတ်မှုကြောင့် သေကြေထိခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရဲနဲ့ထိပ်တိုက်တွေ့နေတဲ့ ဒေသခံလယ်သမားတွေများ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရဲနဲ့ထိပ်တိုက်တွေ့နေတဲ့ ဒေသခံလယ်သမားတွေများ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)

လက်ပံတောင်းတောင်ဒေသမှာ တရုတ် ဝမ်ပေါင်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီက လုပ်ငန်းခွင် တဝိုက် ခြံစည်းရိုး တိုးခတ်တာတွေ၊ လက်နက်နဲ့ လုံခြုံရေး ဖြည့်တင်းတာတွေကြောင့် ဒေသခံတွေနဲ့ အခြေအနေ တင်းမာနေချိန်မှာပဲ ကြေးနီသယ်ယူ ပို့ဆောင်မှုတွေကိုလည်း ကုမ္ပဏီက စတင် လုပ်ဆောင် လာပါတယ်။ ကြေးနီတွေ သယ်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီက လုံခြုံရေး ပေးထားပြီး ကျေးရွာတွေထဲကိုလည်း ခြောက်လှန့် ပစ်ခတ်နေတဲ့ အတွက် လူ သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား အခြေအနေတွေ တင်းမာနေချိန်မှာပဲ ကုမ္ပဏီက မုံရွာမြို့အထိ ကြေးနီတွေကို ကုန်ကားတွဲတွေနဲ့ ဆက်တိုက် သယ်ယူနေ ပါတယ်။ မနေ့ အင်္ဂါနေ့က စတင် သယ်ယူနေတာဖြစ်ပြီး အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခြောက်လှန့်ခဲ့တာကြောင့် သေဆုံး ထိခိုက်တာတွေ ရှိခဲ့တယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဗိုလ်စစ်နိုင်က ဗွီအိုအေကို ခုလို ပြောပြပါတယ်။

" မနက်က ဝမ်ပေါင်ကနေ ပစ္စည်းတွေသယ်တယ်။ တွဲကားတွေထုတ်တယ်။ အဝင် အထွက် လုပ်တဲ့အချိန် လမ်းဘေးဝဲယာက ရွာတွေကို လက်နက်ကြီးတွေနဲ့ ဟိုပစ်၊ ဒီပစ် ပစ်တာပေါ့။ အဲဒါ ပြည်သူတွေရှိတဲ့ အုပ်ထဲကိုကျတာ လူ ငါးယောက် ထိခိုက်ဒဏ်ရာ ရပြီးတော့ ကလေးတယောက် သေသွားတယ်။ နောက်ထပ် တရွာမှာလည်း အဲလိုပဲ အဲဒါက ဝမ်ပေါင်ရဲ့ အရှေ့ဘက်က ရွာထဲကို လက်နက်ကြီးတွေ ကျလို့။"

ဝမ်ပေါင်ကုမ္ပဏီဟာ သူတို့ ယူထားတဲ့ မြေဧကထဲမှာပဲ လုပ်ငန်းလုပ်နေတာ မဟုတ်ဘဲ နောက်ထပ် မြေတွေကို တိုးယူပြီး ခြံစည်းရိုး ခတ်နေတယ်လို့ အနီးနားက ကျေးရွာဒေသခံတွေက ပြောပါတယ်။ ကုမ္ပဏီကို အကာအကွယ်ပေးဖို့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ကူတပ်တွေ အပါအဝင် အင်အား ၁,၀၀၀ ဝန်းကျင်လောက် ရှိနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဆားလင်းကြီးမြို့နယ် အနီးနားက လက်နက်ကိုင် အဖွဲ့ ၃၀ ကျော်က ကုမ္ပဏီကို လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုနေတဲ့အတွက် ဒီပတ်ဝန်းကျင်မှာ အခြေအနေတွေ တင်းမာလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရကတော့ ကုမ္ပဏီအနေနဲ့ သူတို့ပိုင်နက်ထဲမှာသာ ခြံစည်းရိုးခတ်တာ ဖြစ်နိုင်ကြောင်း၊ တိုးခတ်လို့လည်း မရနိုင်ကြောင်း ဗွီအိုအေကို ပြောခဲ့ပါတယ်။

ကြေးနီသယ်ဖို့အတွက် ၂၂ ဘီး ကုန်တွဲကားတွေ မုံရွာမြို့ကနေ ထွက်လာပြီး၊ တရက်ကို အစီး ၂၀ လောက် သယ်ယူနေကြောင်း ဆားလင်းကြီးမြို့က ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"မနက်ပိုင်းကို ပစ္စည်းလာတင်၊ ညနေပိုင်းကို ပြန်ထွက် အဲလိုမျိုး အဝင်၊ အထွက် ရှုပ်နေတာဗျ အခုက။ အစီး၂၀ ကျော်သွားပြီ။ တွဲကြီးတွေ နောက်က သုံးဆိုင်းနဲ့ဆိုတော့ တွဲကားကြီးတွေ။ ဒီနေ့လည်း ပစ်တာပဲ ထပ်ပြီးတော့ပစ်လို့ ရွာတွေထဲ ကျကြသေးတာ။"

၂၀၂၂ ဒီဇင်ဘာလတုန်းကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီ သယ်ယူပို့ဆောင်ရေးအတွက် စစ်ကောင်စီတပ်တွေက လုံခြုံရေး ပေးခဲ့တာကြောင့် မုံရွာ-ပုသိမ် ကားလမ်းဘေးက ဒေသခံတွေ ၈,၀၀၀ လောက် ရှောင်တိမ်းခဲ့ရပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ခြံစည်းရိုးခတ်တာကို လက်ပံတောင်းတောင်၊ တုံရွာနားမှာ ဝမ်ပေါင်ကုမ္ပဏီက ရပ်တန့်ထားပါတယ်။ ဆက်ခတ်မယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ဆားလင်းကြီး ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက လက်နက်ကိုင်အဖွဲ့တွေကလည်း ကုမ္ပဏီ အနေနဲ့ ခြံစည်းရိုးကို ဆက်ခတ်မယ်၊ အနီးနား ကျေးရွာတွေကို ပစ်ခတ် တိုက်ခိုက်နေမယ်ဆိုရင် ပြန်ပြီး တိုက်ခိုက်သွားဖို့ တနင်္လာနေ့မှာ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်ဝမ်ပေါင် ကုမ္ပဏီဘက်ကရော၊ မြန်မာ စစ်ကောင်စီကရော တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG