သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး ဆိုးရွားတဲ့ မြန်မာရေလုပ်သား ၂ ဦး ထိုင်းရေတပ် ကယ်တင်


မြန်မာ ငါးဖမ်းသမား နှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ဆောင်။ ဓာတ်ပုံ - ကိုဝဏ္ဏ
မြန်မာ ငါးဖမ်းသမား နှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ဆောင်။ ဓာတ်ပုံ - ကိုဝဏ္ဏ

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင် ရေပိုင်နက်ထဲမှာ မြန်မာလှေလုပ်သား၂ ဦး အရေးပေါ် မခံမရပ်နိုင်တဲ့ ဗိုက်အောင့်တဲ့ရောဂါ ခံစားရတာကြောင့် ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့က ဖူးခက်ကမ်းခြေက ထိုင်းရေတပ်က ရဟတ်ယာဉ်နဲ့ ရနောင်းဆေးရုံကြီးကို အရေးပေါ် ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဖန်းင ခရိုင်အတွင်းမှာ လှေလုပ်သား အဖြစ် လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ဗိုက်အောင့်ပြီး ကျန်းမာရေး ဆိုးဝါးနေတာကြောင့် ထိုင်းလှေဦးစီးကနေ အဆင့်ဆင့် အကြောင်းကြားတာကြောင့်ထိုင်းရေတပ်က ရဟတ်ယာဉ်သုံးပြီး ကူညီကယ်ဆယ်ပြီး ဆေးရုံပို့ပေးခဲ့ရတယ်လို့ ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေး ဖောင်ဒေရှင်းရဲ့ အလုပ်သမားရေးနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ဆိုပါတယ်။

“ဗိုက်အောင့်လို့ ဆိုပြီး မခံနိုင်လို့ ဆိုပြီး လှေဦးစီးကို ပြောတာပေါ့။ ထိုင်းလှေဦးစီးက ဆိပ်ကမ်း အာဏာပိုင်တွေ လှေဝင်လှေထွက်စစ်တဲ့ သူတွေကို အကြောင်းကြားတယ်။ အဲဒီကနေ ရေတပ်အာဏာပိုင်တွေကို အကြောင်းကြားတယ်။ အဲဒီ ကနေတဆင့် ရေတပ် အာဏာပိုင်တွေက လာခေါ်ပြီး ရနောင်းဆေးရုံကြီးကို ပို့ပေးတာပေါ့။ အခုတော့ ဆေးရုံမှာ။”

ရနောင်းဆေးရုံကြီးကို လှေလုပ်သား ၂ ဦးကို ပို့ခဲ့ရာမှာ တဦးကတော့ ကျန်းမာရေး အခြေအနေ မဆိုးပေမဲ့ တဦးကတော့ အရေးပေါ် အခန်းကို ပို့ပြီး ကုသမှု ခံယူနေရကြောင်း၊ ဘာရောဂါ ဖြစ်သလဲ ဆိုတာကိုတော့ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။ ထိုင်းရေတပ် အနေနဲ့ မြန်မာတွေကို အခုလို ကျန်းမာရေး အခြေအနေ ဆိုးတဲ့အချိန် လာရောက် ကူညီပေးမူတွေ ကတော့ သိပ်မကြုံဖူး ပေမယ့် လှေနစ်တာတွေ မျိုးကို ကယ်ဆယ်တာတွေတော့ လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

“ ဒီလိုမျိုး ရောဂါဖြစ်တာ မဟုတ်ဘူး။ လှေနစ်တာတို့မမြုပ်ခင် လှေဝမ်းကွဲတဲ့ အချိန် အကြောင်းကြားလို့ လာကယ်တာမျိုး၊ မုန်တိုင်းလိုမျိုး ရှိလို့ လှေနစ်မလို ဖြစ်လို့ လာကယ်တာမျိုးတော့ ရှိဘူးတယ်။ ဒီလို ရောဂါနဲ့ကတော့ အတော်ရှားတယ်။ ထိုင်းစစ်တပ်ဘက်က အဲဒီလိုမျိုး အကူအညီတောင်းမယ်ဆိုရင်တော့ မြန်မာရယ်၊ ထိုင်းရယ် မဟုတ်ဘူး။ ကယ်ပေးတာတွေတော့ လုပ်ကြတယ်။ ကြုံဖူးတာကော ကြားဖူးတာကောပေါ့။”

ထိုင်းနိုင်ငံရဲ့ ပင်လယ်ပြင်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားတွေကို အရင်တုန်းက ဆိုရင် ကျန်းမာရေး မကောင်းလို့ အလုပ်မလုပ်နိုင်ဘူးဆိုရင် လှေပေါ်ကနေ တွန်းချတာတွေ ရိုက်နှက်တာတွေ ရှိခဲ့တာပါ။ လှေလုပ်သားတွေကို ကျွန်တွေသဖွယ် ခိုင်းစေတယ်ဆိုတဲ့ လူ့အခွင်အရေး အဖွဲတွေရဲ့ အစီရင်ခံစာတွေ ထွက်အပြီး နာမည်ဆိုးတွေ ထွက်လာပြီး တဲ့နောက်မှာတော့ ရေလုပ်သားတွေကို လူ့အခွင့်အရေး ချိုးဖောက်တာတွေ လျော့နည်းလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG