သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Corona ဗိုင်းရပ်စ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှာ စစ်မယ်


Corona ဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည်တချို့ မျက်နှာဖုံးတပ်ဆင်လာကြ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၀)
Corona ဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည်တချို့ မျက်နှာဖုံးတပ်ဆင်လာကြ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

Corona ဗိုင်းရပ်စ် သံသယရှိသူ နိုင်ငံခြားသားတဦး ထိုင်းတောင်ပိုင်းမှာ တွေ့ရှိပြီးနောက် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့တဖက်ကမ်း ရနောင်းခရိုင် နယ်စပ်ဂိတ်တွေမှာ Corona ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုလုပ်ငန်းတွေကို ထိုင်းနိုင်ငံဘက်က စတင်လုပ်ဆောင်လာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

Corona ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးရှိနေကြောင်း တရားဝင် ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင် စစ်ဆေးရေးဂိတ်တွေမှာ Corona ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးတွေကို စတင်လုပ်ဆောင်လာတာပါ။ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာ ထိုင်းလဝက ဝန်ထမ်းတွေနဲ့အတူ ထိုင်းကျန်းမာရေးအဖွဲ့က စောင့်ကြည့်စစ်ဆေးနေတာပါ။

ထိုင်းကျန်းမာရေး ဒုဝန်ကြီး နိုင်ဆာထစ်ပတူဒေချာကတော့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“ထိုင်းကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ သံသယရှိတဲ့လူတွေကို ခေါ်ပြီး အသေးစိတ် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကိုယ်အပူချိန် မြင့်တက်နေတဲ့သူ၊ ဖျားနာနေတဲ့သူ ဆိုရင် ရောဂါပိုးအခြေအနေကို အသေးစိတ် စစ်ဆေးနေတာပါ။ ဗိုင်းရပ်စ်ရောဂါပိုးတွေ ရှိတယ်ဆိုရင် အရေးပေါ် ရောဂါတိုက်ဖျက်ရေး ဆေးရုံကိုပို့ပြီး ကုသမှုတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ထိုင်းတောင်ပိုင်း နယ်စပ်မြို့တွေမှာတော့ တရုတ်နိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်လာပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်မှာ ရနောင်းခရိုင် အမှတ် ၆ ဒေသရဲမှူး Phairat Phukcharoen ကိုယ်တိုင် ဦးဆောင်ပြီး Corona ဗိုင်းရပ်စ် ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ခရီးသွား အများအပြား ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နေကြပါတယ်။ အထူးသဖြင့် ရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကနေ ရောက်လာတဲ့ ခရီးသွားတွေမှာ Corona ရောဂါပိုး ကူးဆက်လာရာကနေ ထိုင်းနိုင်ငံမှာလည်း ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးထိ ရှိလာတာပါ။

ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးသတင်းတွေအရ ထိုင်းတောင်ပိုင်း ဟွာဟင်မြို့ဘက်မှာ Corona ဗိုင်းရပ်စ်ပိုး သံသယရှိသူ နိုင်ငံခြားသား နောက်တဦး တွေ့ရှိခဲ့ပြီးတဲ့နောက် အခုလို ထိုင်းတောင်ပိုင်းက နယ်စပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ Corona ဗိုင်းရပ်စ်ရောဂါပိုး ကူးဆက်ခံရမှု အများဆုံး ၅ နိုင်ငံမှာ ပါဝင်ပါတယ်။

--------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG