သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံထဲ ခိုးဝင်သူတွေများလာလို့ ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်


ထိုင်းနိုင်ငံထဲ ခိုးဝင်သူတွေများလာလို့ ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ် (Photo :Thai Police)
ထိုင်းနိုင်ငံထဲ ခိုးဝင်သူတွေများလာလို့ ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ် (Photo :Thai Police)

{{Zawgyi/Unicode}}

ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ထဲက မြို့နယ် ၅ ခုထဲကို မြန်မာနိုင်ငံဖက်က တရားမဝင် ဝင်လာသူတွေရှိနေတာကြောင့် ထိုင်းဘက်က လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဒီအတောအတွင်းမှာပဲ နယ်စပ်မြ့ိုနယ်တစ်ခုဖြစ်တဲ့ ဖွတ်ဖရမြို့နယ်ထဲ တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဧပြီလ ၂၀ရက်နေ့က ဖမ်ဆီးခဲ့ပါတယ်။ စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို ဖမ်းဝရမ်းထုတ် ရှာဖွေဖမ်းဆီးလို့ နယ်စပ်ဒေသတွေဘက် ထွက်ပြေးနေသူတွေရှိနေချိန်မှာ ထိုင်းဖက်က အဖမ်းအဆီးလုပ်နေတဲ့သတင်းကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံထဲက မဲဆောက်၊ ဖွတ်ဖရ၊ မယ်လမ၊ တန်ဆောင်ရမ်း၊ အုန်းဖန် မြို့နယ်တွေထဲကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေ တိုးလာနေတာနဲ့အတူ ဧပြီလ ၂၀ ရက်တုန်းက ဖွတ်ဖရမြို့နယ်ထဲ ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ နီးပါး ဖမ်းမိခဲ့ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်ကအခုလိုပြောပါတယ်။

"ဧပြီလ ၂၀ရက်နေ့က တာ့ခ်ခရိုင် ဖွတ်ဖရနယ်မြေ မြန်မာဘက်ခြမ်းဆိုရင် ဝါးလေပေါ့၊ အဲဒီဘက်ခြမ်းကနေ အမျိုးသမီးအမျိုးသား မြန်မာနိုင်ငံသား ၂၉ ဦး တရားမဝင်ဝင်လာတယ်၊ အဲဒီထဲမှာထိုင်းနိုင်ငံသားတဦးလည်းဖမ်းမိတယ်၊ ထိုင်းမြန်မာနယ်စပ်မှာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတယ်လို့သိရတယ်။ အခုကာလမှာ သင်္ကြန်ကာလပြီးတော့ နောက်ပိုင်း နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာ မြန်မာဘက်က ထိုင်းဘက်ကိုဝင်ရောက်လာတာ များတယ်ဆိုပြီး နယ်ခြားစောင့်တပ်တွေ၊ မြိုနယ်လုံခြုံရေးတွေ၊ ထိုင်းတပ်ဖွဲ့ဝင်တွေက နယ်စပ်လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ချထားတာရှိတယ်။"

ထိုင်းတောင်ပိုင်း ကန်ချနဘူရီပြည်နယ်ထဲမှာလည်း အခုလပိုင်းအတွင်း လူကုန်ကူးပွဲစားတွေနဲ့ တရားမဝင်ရောက်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရာဂဏန်းလောက်ရှိနေပါတယ်။ စစ်တပ် အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံထဲမှာ အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နှင်း ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ထိုင်း၊ အိန္ဒိယ နယ်စပ်တွေဖက်ကို ထွက်ပြေးတိမ်းရှောင်သူတွေ အများအပြားရှိနေပါတယ်။

ထိုင်းနိုင်ငံဘက် တရားမဝင်ရောက်လာလို့ ဖမ်းခံရသူတွေထဲမှာ နိုင်ငံရေးကြောင့် တိမ်းရှောင်လာသူတွေ ပါတယ်ဆိုရင် စိုးရိမ်စရာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလုှပ်ရှားသူဦးမင်းဦးကပြောပါတယ်။

" နိုင်ငံရေးကြောင့် စစ်ကောင်စီဖမ်းဆီးမူကြောင့် ထွက်ပြေးလာသူတွေလည်းရှိမှာစိုးရတယ်။ အဲဒီ ဟာတွေဆိုရင် အန္တရယ်ရှိတယ်၊ အဲဒီလူတွေသာပါလာရင် ဖမ်းပြီးပြန်ပို့မယ်ဆို သူတို့သေတွင်းကိုပို့သလိုပဲဖြစ်မယ်။"

တာ့ခ်ပြည်နယ်ထဲမှ ာ ဖမ်းမိသူတွေကတော့ သာမန်အလုပ်လာလုပ်ကြသူတွေဖြစ်ပြီး နိုင်ငံရေးနဲ့မပတ်သက်ကြဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေကပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကူးစက်မူ့ကြောင့် နယ်မြေအဝင်အထွက် လုံခြုံရေးတွေ တင်းကြပ်စွာချထားပြီး တနယ်နဲ့တနယ် ကူးသန်းသွားလာတာတွေကိုလည်း ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဘက်မှာ စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စစ်ဘေးဒုက္ခတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်နေသူတွေ၊ ဝင်ရောက်နိုင်ဖို့ ကြိုးစားသူတွေ ရှိနေတာဖြစ်ပါတယ်။

...........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG