သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ထိုင်းမှာ ကားမှောက်သေဆုံး


ထိုင်းနို်င်ငံတောင်ပိုင်း ရနောင်းမြို့ကနေ ချုံဖွန်မြို့နယ်ဆီ တရားမဝင် မြန်မာလူမျိုး ၁၇ ဦးကို လူမှောင်ခိုသမားတွေက သယ်ဆောင်ပြီး မောင်းနှင်လာတဲ့ ဟိုင်းလက်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် မြန်မာ ၃ ဦးနဲ့ ကားမောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး၊ လူ ၁၄ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီထဲမှာ ၈ ဦးလောက်က ဒဏ်ရာတွေ ပြင်းထန်ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ဘက်နေ ချုံဖွန်မြို့နယ်ထဲကို မောင်းနှင်လာတဲ့ ဟိုင်းလက်ကားရဲ့ ရှေ့ခန်းမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးကို သယ်ဆောင်လာတာပါ။ သူတို့တွေကို ထိုင်းနိုင်ငံအတွင်းပိုင်း စူရတ်ဌာနီဘက်ကို လူမှောင်ခိုကူးသူတွေက ခိုးသွင်း သယ်ဆောင်လာတာ ဖြစ်တယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

“ဒီနေ့မနက် ၄ နာရီက ရနောင်းဘက်က တရားမဝင် မြန်မာအလုပ်သမား ၁၇ ယောက်ကို တင်ဆောင်ပြီးတော့မှ ချုံဖွန်ကို လာတယ်။ မနက် ၄ နာရီလောက် ချုံဖွန်နားကို ရောက်တဲ့အခါမှာ စူရတ်ဘက်ကိုသွားတဲ့ ကားတစီးနဲ့ ကားချင်းပွတ်မိတယ်။ ပွတ်မိတဲ့အခါမှာ ဒီကားက မှောက်သွားပြီးတော့မှ မြန်မာအလုပ်သမား အမျိုးသား ၃ ယောက် သေဆုံးတယ်။ ကားမောင်းတဲ့သူ သေသွားတယ်။ ကျန်တဲ့ ၁၄ ယောက်ကတော့ ဆေးရုံပေါ်မှာ အရေးပေါ် တင်ထားရတယ်။ ၁၄ ယောက်မှာ မိန်းကလေးက ၇ ယောက်၊ ယောကျာ်းလေး ၇ ယောက်ဖြစ်တယ်။ ၈ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်။ သူတို့တွေအကုန်လုံး ချုံဖွန်ဆေးရုံမှာဖြစ်တယ်။ ဟိုင်းလက်ကား နှစ်ခန်းတွဲမှာ ဒရိုင်ဘာရဲ့နောက်က အခန်းမှာ ၃ ယောက်ဆင့်ပြီး ထိုင်လာတာ။ ဟိုင်းလက်ကားမှာ ခေါင်းက ၂ ခန်းတွဲရှိတာဟုတ်။ အဲဒီထဲမှာ ပြွတ်သိပ်ကျပ်ပြီး တင်လာတာပေ့ါ။ လူကုန်ကူးမှုဆိုတာ သေချာတာပေ့ါ။”

လက်ရှိမှာတော့ သူတို့ကို သယ်ဆောင်လာတဲ့ ကားမောင်းသမား သေဆုံးခဲ့သလို မြန်မာနိုင်ငံ အတွင်းပိုင်းကနေ လာကြတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ဒဏ်ရာတွေ ပြင်းထန်နေတာမို့ စစ်ဆေးမေးမြန်းဖို့တွေကတော့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ကားသမားကလည်းသေသွား၊ အလုပ်သမားတွေကလည်း ဘာစကားမှ မပြောနိုင်ဘူးဆိုတော့ ဘယ်ဂိုဏ်းကလုပ်ပါတယ်ဆိုတာ ကျနော်တို့ တော်တော်ကို ပြောဖို့ဆိုဖို့ ခက်တာပေါ့။ အစက အဲဒီလမ်းကြောင်းက ရခိုင်ပွဲစားတွေနဲ့ ဗမာပွဲစားတွေရဲ့ လမ်းကြောင်းပဲ။”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကိုတော့ သေဆံးုဒဏ်ရာရတဲ့ မြန်မာနိုင်ငံသား အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးခံရသူပေါင်း ၃၄၇ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပင်လယ်စာလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ ရောင်းစားခံရမှုတွေ ရှိနေတာကြာင့် ထိုင်းအစိုးရက လူကုန်ကူးမှု နှိမ်နင်းရေးတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တာပါ။ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 လို့ခေါ်တဲ့ အနိမ့်ဆုံး စာရင်းထဲမှာ သတ်မှတ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း နေထိုင်နေတဲ့ ထိုင်းနိုင်ငံကိုတော့ Tier 2 အဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG