သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြန် ထိုင်းနိုင်ငံသား နောက်ထပ် ၉ ဦး ကိုဗစ်ဓာတ်ခွဲ အတည်ပြု


တာချီလိတ်မြို့ကနေ နေရပ်ပြန်နေကြတဲ့ ထိုင်းနိုင်ငံသားများ။ (ဓာတ်ပုံ - CNCMC)
တာချီလိတ်မြို့ကနေ နေရပ်ပြန်နေကြတဲ့ ထိုင်းနိုင်ငံသားများ။ (ဓာတ်ပုံ - CNCMC)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့က ပြန်လာတဲ့ ထိုင်းနိုင်ငံသား ၉ ဦး ကိုဗစ်ကပ်ရောဂါပိုး ထပ်တွေ့တာကြောင့် ဒီရက်ထဲ မြန်မာပြည်က ပြန်လာသူထဲမှာ ကပ်ရောဂါပိုးတွေ့ရှိသူ လူ ၂၀ ထိ ရှိလာပြီလို့ ချင်းရိုင်အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆိုင်-တာချီလိတ် နယ်စပ်ကနေ မြန်မာပြန် ထိုင်းနိုင်ငံသား ၁၆ ဦးထဲက စောင့်ကြည့်ရေးစင်တာမှာ ထိုင်းနိုင်ငံသား နောက်ထပ် ၉ ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး ထပ်တွေ့ခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး Dr. Prachon Prachasakul က အခုလို ရှင်းလင်းသွားခဲ့ပါတယ်။

“မြန်မာအာဏာပိုင်တွေနဲ့ ကျနော်တို့ အဓိက ဆွေးနွေးပြီး ပြန်ပို့နေတာကတော့ တာချီလိတ်မြို့မှာ ဖွင့်ထားတဲ့ 1G1 ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်ပို့နေတာ ဖြစ်ပါတယ်။ တာချီလိတ်ကနေ ပြန်ဝင်လာကြတဲ့ ထိုင်းနိုင်ငံသား ၆၇ ဦး ဆေးစစ်မှုတွေ ပြုလုပ်ထားရာမှာ ကပ်ရောဂါပိုးတွေ့သူ ၉ ဦး ထပ်တိုးခဲ့လို့ ချင်းရိုင်ခရိုင်အတွင်းမှာ စုစုပေါင်း ကိုဗစ်ကပ်ပိုးတွေ့သူ ၂၀ ဦးထိ ရှိသွားပြီဖြစ်တယ်” လို့ ထိုင်းဘာသာနဲ့ ရှင်းလင်းပြောဆိုခဲ့တာပါ။

ပိုးတွေ့လူနာတွေဟာ အသက် ၂၀ ကနေ ၄၀ အကြား အမျိုးသမီးတွေဖြစ်ကြပြီး တာချီလိတ်မြို့ 1G1 ကာစီနိုလောင်းကစားတွေပါတဲ့ ဟိုတယ်မှာ လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင်ထဲမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇၆ ဦးထိရှိသွားပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးကူးဆက်လာသူ အမျိုးသမီးတချို့ဟာ ချင်းရိုင်မြို့က နာမည်ကြီး Singha Park ကို လည်ပတ်ခဲ့တာကြောင့် အဲဒီနေရာမှာ ထိတွေ့သူ လူ ၂၀၀ ကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း ထုတ်ပြန်သွားပါတယ်။ တာချီလိတ်ပြန် ထိုင်းတွေကြောင့် အခုချိန်ထိ စောင့်ကြည့်ရေးစင်တာကို ဝင်နေရသူ ၁၇၁ ဦး ရှိသွားပြီလို့လည်း ဆိုပါတယ်။

ချင်းရိုင်ပြည်သူတွေအနေနဲ့ အထိတ်တလန့် မဖြစ်ဖို့နဲ့ ချင်းရိုင်မြို့ကို ကပ်ရောဂါပိုး ကင်းစင်ရေးအတွက် သန့်ရှင်းရေး လုပ်ဆောင်သွားမှာဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေအနေနဲ့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားတယ်ဆိုရင် လာရောက် ဆေးစစ်ခံကြဖို့ တိုက်တွန်းသွားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၀၈၁ ဦးနဲ့ ကူးစက်သူ ၉၈,၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)











XS
SM
MD
LG