သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ တိုက်ခန်းဝယ်သူ နိုင်ငံခြားသားတွေထဲ မြန်မာဒုတိယအများဆုံး စာရင်းဝင်


ဘန်ကောက်မြို့ အဆောက်အဦများ
ဘန်ကောက်မြို့ အဆောက်အဦများ

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဝယ်ယူတဲ့ ပမာဏ ဒုတိယ အများဆုံး ဖြစ်လာတဲ့အကြောင်း ထိုင်းနိုင်ငံ အိုးအိမ်ခြံမြေ အရောင်းဌာန REIC သတင်းအချက်အလက် စင်တာ ယာယီညွှန်ကြားရေးမှုး Vichai Viratkapan က ပြောဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။

တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံက အရေအတွက်အရရော၊ ဝယ်ယူတဲ့ တန်ဖိုးအရရော ဒုတိယနေရမှာ ရှိပြီး အရင်က တလျှောက်လုံး ဒုတိယနေမှာ ရှိနေခဲ့တဲ့ ရုရှားနိုင်ငံသားတွေထက် ကျော်သွားတာကို စာရင်းထုတ်ပြန်ထားတာပါ။ ၂၀၂၄ ခုနှစ် ပထမ သုံးလအတွင်း နိုင်ငံခြားသားတွေကို ရောင်းချရတဲ့ တိုက်ခန်း သုံးထောင့်ကိုးရာကျော် ရှိပြီး ထိုင်းဘတ်ငွေ ၁၈ ဘီလျံဖိုး ရှိတဲ့အကြောင်းနဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းတက်လာတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ဘန်ကောက်မှာကွန်ဒိုတိုက်ခန်းဝယ်ယူမှုပြနှိုင်းယှဉ်ဇယား
ဘန်ကောက်မှာကွန်ဒိုတိုက်ခန်းဝယ်ယူမှုပြနှိုင်းယှဉ်ဇယား

အဲဒီအထဲမှာ ဘန်ကောက်မှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ တိုက်ခန်း ၃၂၀ ကျော်ရှိပြီး ထိုင်းဘတ်ငွေ သန်း နှစ်ထောင်ဖိုးလောက် ရှိပါတယ်။ Samut Prakan ၊ Chon Buri၊ ချင်းမိုင်နဲ့ Tak ခရိုင်အတွင်းမှာလည်း မြန်မာနိုင်ငံသားတွေ တိုက်ခန်းတွေ ဝယ်ယူနေကြတဲ့အကြောင်း REIC က စာရင်းထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံ Tak ခရိုင် မဲဆောက်မြို့မှာလည်း ဈေးသက်သာတဲ့ အိမ်တွေကို ထိုင်းနာမည်တွေနဲ့ မြန်မာနိုင်ငံသားတွေ ဝယ်ယူနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံမှာ တိုက်ခန်းတွေ ဝယ်ယူနေထိုင်လာကြပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ထိုင်းမှာ တိုက်ခန်း အများဆုံး ဝယ်တဲ့ နိုင်ငံခြားသားတွေထဲက ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ရှိနေတဲ့အကြောင်း ထိုင်း အိမ်ခြံမြေ ရောင်းဝယ်သူတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG