ရှေ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံတာဝန်ယူတဲ့အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို ကိုယ်ရေးအကြံပေးအဖြစ်ခန့်ထားရေး အဆိုပြုချက်အပေါ် ထောက်ခံဖို့ မလေးရှားဝန်ကြီးချုပ် Awar Ibrahim က အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ လာမယ့် ကြာသပတေးနေ့ မလေးရှားနိုင်ငံ Langkawi ကျွန်းမှာ ဝန်ကြီးချုပ်ဟောင်း Thaksin ကိုတွေ့ဆုံပြီး ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ ဒေသတွင်း အတွေ့အကြုံရင့်ကျက်ပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ အရှိန်ကို အသုံးချဖို့ မလေးရှားဝန်ကြီးချုပ်က မဟာဗျူဟာမြောက် ကြိုးပမ်းတာဆိုပြီး ရှုမြင်ပါတယ်။ မြန်မာနိုင်ငံအရေးအပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံကြား မဖြေရှင်းနိုင်သေးတဲ့အကြောင်းအရာတချို့ကို ဖြေရှင်းနိုင်အောင် အထောက်အကူပြုမယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့လည်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးအရရော ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ကို ဒေသတွင်း အဖွဲ့ကြီးရဲ့ အရေးပါတဲ့ အကြံပေးနေရာ ခန့်ထားတာကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ အထူးသဖြင့် မြန်မာ့အရေးလှုပ်ရှားသူတွေ သံသယနဲ့ စောင့်ကြည့်နေပါတယ်။ ဝန်ကြီးချုပ်ဟောင်း Thaksin ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးအကြံပေး တာဝန်အပါအဝင် နိုင်ငံတချို့ရဲ့ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး ထိုင်းနိုင်ငံမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနစ်အထိ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
Forum