သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ မြန်မာ့အရေးကြားဝင်ညှိနှိုင်းမှု နောက်ဆက်တွဲအလားအလာ


ထိုင်းအစိုးရရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး ပန်နိတန် ဝါတာနိုင်ရာကွန်း (Panitan Wattanayagorn)
ထိုင်းအစိုးရရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး ပန်နိတန် ဝါတာနိုင်ရာကွန်း (Panitan Wattanayagorn)

မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးဖို့ ထိုင်းဝန်ကြီးချုပ် Thaksin Shinawatra ကမ်းလှမ်းမှုကို တိုင်းရင်းသားအဖွဲ့တချို့က ပယ်ချတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ VOA က စုံစမ်းမှုအရ တချို့ကတော့ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ် ဒါကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ကြားဝင်ကြိုးပမ်းမှုတွေ ဆက်ရှိနေနိုင်တယ်လို့ ယူဆမှုတွေရှိတဲ့အကြောင်း ကိုဝင်းမင်းက မေးမြန်းတင်ဆက်ထားပါတယ်။

ဟုတ်ကဲ့။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ မကြာခင်လတွေထဲ RCSS - ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆက်အပြင် KNU အရင်အဖွဲ့၊ KNPP ကရင်နီအဖွဲ့ MNSP မွန်အဖွဲ့နဲ့ KNO ကချင်အဖွဲ့၊ နောက် NUG အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ခဲ့တဲ့သတင်း ဒီသီတင်းပတ်ထဲထွက်လာခဲ့အပြီး အခုလို ဝေဖန်ပယ်ချမှုတွေ ဖြစ်လာခဲ့တာပါ။ အခု ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့အလွတ်သဘောကြိုးပမ်းမှုကတော့ အာဆီယံအပါအဝင် ထိုင်းရဲ့ပုံမှန်ဆွေးနွေးမှုတွေ နှေးကွေးလာချိန်မှာ ဖြစ်တာလို့ ထိုင်း-မြန်မာအရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ ဒီဆွေးနွေးခဲ့မှုရဲ့ထူးခြားမှုနဲ့ ရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ် အရင်ထိုင်းအစိုးရရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး ပန်နိတန် ဝါတာနိုင်ရာကွန်း (Panitan Wattanayagorn) က အခုလို ပြောပါတယ်။

"ဝန်ကြီးချုပ်ဟောင်း Hun Sen နဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်ဟောင်းတချို့က တဦးချင်းစီအနေနဲ့ မြန်မာ့အရေး အလွတ်သဘော ဝင်ကြိုးပမ်းပေးခဲ့တာတွေက နှစ်ပေါင်းများစွာချီ ရှိလာခဲ့ပြီးသားပါ။ ဒါပေမဲ့ အခုတခေါက်ကတော့ ဝန်ကြီးချုပ်ဟောင်း Hun Sen နဲ့ ဝန်ကြီးချုပ် Thaksin ရောပေါ့နော် လူသိရှင်ကြား ကြိုးပမ်းလာတဲ့သဘောဖြစ်လာပါတယ်။ ဒါပေမဲ့လည်း နစက ပြောခွင့်ရက ဝန်ကြီးချုပ်ဟောင်း Hun Sen နဲ့ Thaksin ရဲ့ ကြိုးပမ်းတောင်းဆိုမှုတွေကို မကြာခင်ကပဲ မသင့်လျော်သေးတာကြောင့် လက်မခံနိုင်ဘူးပြောပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပေးတွေ့ဖို့ရော ကြားဝင်စေ့စပ်ပေးဖို့ရောကို ကြေညာချက်ထုတ် ပယ်ချလိုက်တယ်လို့ နားလည်ပါတယ်။ ဒီလိုပြောတာကြောင့် တခြားသူတွေ ဆက်မကြိုးပမ်းသင့်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒီကြိုးပမ်းမှုလမ်းကြောင်းတွေ သူ့နည်းသူ့ဟန်နဲ့ ဆက်သွားနေကြမှာပါ။"

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ဒီလိုတွေ့ဆုံခဲ့မှုအပေါ် စစ်ကောင်စီပြောခွင့်ရကတော့ ဆန့်ကျင်ဘက်ဖျက်ဆီးရေးအဖွဲ့အစည်းတွေကို အားပေးတာမျိုးမလုပ်သင့်ဘူးလို့ တနေ့က တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သက်ဆင်နဲ့တွေ့ခဲ့တဲ့တိုင်းရင်းသားအဖွဲ့တခုကို ကိုးကားပြီး The Nation သတင်းစာကလည်း သက်ဆင်အနေနဲ့ ကြားဝင်ပေးဖို့တောင်းဆိုတဲ့စာယူလာပြီး တဖွဲ့စီကိုလက်မှတ်ထိုးခိုင်းခဲ့ပေမဲ့ ဘယ်အဖွဲ့ကမှမထိုးပေးခဲ့ဘဲ ပယ်ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သက်ဆင်ရဲ့ ဒီတွေ့ဆုံမှုတွေနဲ့နီးစပ်သူတွေကတော့ အဖွဲ့တွေက ခွဲတွေ့သာဖြစ်ပြီး အဖွဲ့တိုင်းကို အခုလို လက်မှတ်ထိုးဖို့တောင်းဆိုခဲ့တာတော့ မရှိဘူး၊ တချို့အဖွဲ့တွေကိုတော့ လက်မှတ်ထိုးဖို့ပြောခဲ့တာတောင်မရှိသလို တချို့ကိုတော့ တွေ့ဆုံမှုပြီးမှသာ သဘောတူရင်လက်မှတ်ထိုးပေးဖို့ စာသာပို့ခဲ့ပြီး အထက်ကိုတင်ပြထားချိန်မှာ အကြောင်းပြန်ချက်ထပ်တောင်းတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း TACTD လို့အတိုကောက်ခေါ်တဲ့ 'မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ' ညွှန်ကြားရေးမှူ ဦးမြင့်ဝေက

"ဝန်ကြီးချုပ်ဟောင်းသက်ဆင် တွေ့ဆုံဆွေးနွေးတဲ့ကိစ္စက ပုံမှန်ထက်လွန်ကဲနေတာကို။ နောက် မြန်မာနိုင်ငံတွင်း ဝန်ကြီးချုပ်သက်ဆင်ရဲ့ အရင်မြန်မာစစ်တပ်ရဲ့အာဏာရှင် ဗိုလ်ချုပ်ခင်ညွန့်တို့ဘာတို့ အရမ်းရင်းနီးခဲ့ပြီးတော့ စီးပွါးရေးအပေါ်မှာာအခြေခံတဲ့လှုပ်ရှားမှုတွေကို လက်ခံနိုင်မလား-မရှိတာလည်းတွေ့ရတယ်။"

တဘက်မှာလည်း အဖွဲ့အားလုံးအတွက် လက်ရှိဆွေးနွေးဖို့အချိန်မတိုင်သေးရင်တောင် ထိုင်းအစိုးရဘက်ကတော့ မြန်မာ့အရေး ဆက်လုပ်ပေးသင့်တာတွေရှိတယ်လို့ ထိုင်းနိုင်ငံကအထင်ကရ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခဟောင်းလည်းဖြစ်တဲ့ ပန်နီတာကလည်းအခုလိုဆိုပါတယ်။

"ကျနော့အနေနဲ့ ထိုင်းအစိုးရကို အရေးပေါ်သဘောမျိုး တောင်းဆိုချင်ပါတယ်။ One and Half Track လို့ခေါ်တဲ့ အစိုးရနဲ့ အစိုးရမဟုတ်သူတွေဆွေးနွေးတဲ့လမ်းကြောင်းနဲ့ လူသားချင်းစာနာမှုစင်္ကြန်ထူထောင်ရေးကိစ္စတွေကို ပြန်ပြီး အသက်ဝင်လာအောင် ကြိုးစားပေးဖို့ လိုပါတယ်။ မြန်မာပြည်သူတွေ ဒုက္ခရောက်ကြလို့ရှိရင် ထိုင်းနိုင်ငံကို အဓိက နောက်ဆုံး အားထားပြီး ပြေးထွက်လာလေ့ရှိပါတယ်။ သူတို့ ထိုင်းမှာ လုံလုံခြုံခြုံနေခွင့်ရသင့်ပါတယ်။ ဒါကြောင့် ထိုင်းအနေနဲ့ မြန်မာပြည်သူတွေ ဆက်ထွက်ပြေးနိုင်မဲ့ လမ်းကြောင်းမျိုးရွေးချယ်လုပ်ဆောင်ပေးဖို့ တောင်းဆိုသင့်ပါတယ်။ ထိုင်းအစိုးရဖက်ကလည်း မြန်မာပြည်ကလူတွေ ဆက်ပြီးလာခုံလှုံနိုင်ဖို့အတွက် အဖွဲ့အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသင့်ပါတယ်။"

တချိန်တည်းမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ကြိုးပမ်းမှု ရှေ့ဆက်ဖို့အခက်တွေ့နေချိန်မှာ မြန်မာနဲ့ဆက်ဆံရေးမှာအရေးပါတဲ့ ထိုင်းနိုင်ငံတော်လုံခြုံရေးကောင်စီ NSC အနေနဲ့အားလုံး လက်ခံနိုင်တဲ့မဟာဗျူဟာန့ဆက်ကြိုးပမ်းသင့်တယ်လို့ ပါမောက္ခ ပန်နိတန်က အကြံပြုပါတယ်။

"ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ ကြိုးပမ်းမှုအပေါ် နစကဖက်က ငြင်းတာခံရပေမဲ့ အများလက်ခံနိုင်မဲ့ မဟာဗျုဟာနဲ့ဆက်လုပ်ဖို့တော့ လိုပါတယ်။ ဥပမာ ဝန်ကြီးချုပ်ဟောင်း Thaksin အပြင် တခြား ထိုင်းဝန်ကြီးချုပ်ဟောင်းတွေလည်း ရှိပါသေးတယ်။ ဝန်ကြီးချုပ်ဟောင်း Chuan Leekpai ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Anand Panyarachun နဲ့ တခြားဝန်ကြီးဟောင်းတွေဆိုလည်း သူတို့ မိတ်ဆွေတွေဖြစ်ကြပါ။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့သူ့အဖွဲ့နဲ့ အတော်နီးစပ်တဲ့ စေတနာရှိတဲ့ ထိုင်းဗိုလ်ချုပ်ကြီးတွေလည်း အများကြီးရှိနေပါတယ်။ သူတို့လိုလူတွေစုပြီး အရေးပါတဲ့အဖွဲ့တွေအားလုံးနဲ့ အလွတ်သဘောချိတ်ဆက်ကာ အပြန်အလှန် လက်ခံနိုင်တာတွေကို စားပွဲပေါ်တင်ပေးသင့်ပါတယ်။ "

တကယ်တော့လက်ရှိအနေအထားမှာ မြန်မာနိုင်ငံကအဖွဲ့အမျိုးစုံကြား အားလုံးတွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ဖြစ်ပုံမရသေးချိန် အလွတ်သဘောတွေ့ဆုံချိတ်ဆက်မှုတွေကတော့ သူ့ပုံစံနဲ့သူ ဆက်ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG