ဒီကနေ့ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံမှာ ဘုရင်သစ် Maha Vajiralongkorn ဘန်ကောက်မြို့တွင်း တိုင်းခန်းလှည့်လည် နှုတ်ဆက်နေတာကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်မှာ ဘုရင်သစ်ကို နန်းတော်ဝင်းမှာ ခရာမှုတ်၊ အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုခဲ့ပြီး တိုင်းခန်းစတင်လှည့်တာပါ။ ဘုရင် က ရတနာစီချယ်ထားတဲ့ ၀တ်ရုံကို ၀တ်ဆင်ထားပြီး အနားပြန့် ဦးထုပ်ဆောင်းပြီး လူတွေထမ်းထားတဲ့ ဝေါ ပေါ်ကနေ ပြည်သူလူထုကို နှုတ်ဆက်ခဲ့ပါတယ်။
လမ်းဘေး ၀ဲယာ တလျှောက်ကြိုဆိုနေကြသူတွေဟာ ဘုရင့်တော်ဝင်အရောင်ဖြစ်တဲ့ အ၀ါရောင်တွေ ၀တ်ဆင်ထားကြပါတယ်။ ဘုရင် ၀ဇီရာ လောင်ကွန်းက မနေ့ မေလ ၄ ရက်နေ့က ဘိသိတ်ခံနန်းတက်ပြီး ဒီကနေ့မှာ ပထမဆုံး နန်းတော်ကနေ ၄ မိုင် လမ်းတလျှောက် တော်ဝင် ဘုရားကျောင်း ၃ ခုက ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖူးမျှော် ကန်တော့ခဲ့ပါတယ်။
ဒီသီတင်းပတ် မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ က ကျင်းပခဲ့တဲ့ ထိုင်းဘုရင်သစ် နန်းတက်ပွဲတွေ အတွက် ထိုင်းအစိုးရက ထိုင်းဘတ်ငွေ ၁ ဘီလီယံ လောက်သုံးစွဲခဲ့တာပါ။ ဘုရင်ကို သက်ရှိနတ်ဘုရား တပါးလို သဘောထားကြတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်သစ် နန်းတက်ပွဲနဲ့ တိုင်းခန်းလှည့်လည်ပွဲတွေ ကို ပြည်သူလူထုက တလေးတစား စောင့်ကြည့် အရိုအသေပေးကြပြီး ဘုရင်ကြီး သက်တော်ရာကျော်ရှည်စေဖို့ ဆုတောင်းပေးကြပါတယ်။
လမ်းတလျှောက် လာစောင့်နေကြတဲ့ သူတွေက ရာသီဥတု ပူပြင်းနေတဲ့ ကြားကပဲ နာရီပေါင်းများစွာကြိုပြီး လာစောင့်ကြတာပါ။ ၂၀၁၆ အောက်တိုဘာလ တုန်းက ထိုင်းဘုရင် Bhumibol Adulyadej နတ်ရွာစံပြီးတဲ့ ဒသမမြောက် Rama ဘုရင် ဖြစ်လာတဲ့ သားတော် Vajiralongkorn က စည်းမျဉ်းခံ ဘုရင်စနစ်အရ ထီးနန်း အရိုက်အရာကို ဆက်ခံရတာပါ။ မေလ ၆ ရက်နေ့ တနင်္လာနေ့ကိုတော့ တနိုင်ငံလုံး ရုံးပိတ်ရက် သတ်မှတ်ပေးထားပြီး ဘုရင်အသစ်ကို ထောက်ခံတဲ့ အနေနဲ့ ထိုင်းနိုင်ငံမှာ အခု ဧပြီလ ကနေ ဘုရင် Vajiralongkorn ရဲ့ မွေးလ ဇူလိုင် နှောင်းပိုင်း အထိ ထိုင်းပြည်သူ တွေကို တော်ဝင် အရောင်ဖြစ်တဲ့ အ၀ါရောင်ကို ၀တ်ဆင်ကြဖို့ နှိုးဆော်ထားပါတယ်။