[Zawgyi/Unicode]
ထိုင်း မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားတွေကိုအခကြေးငွေပေးပြီး ခိုးဝင်လာတဲ့ မြန်မာ ၆၀ ကျော်ကို မနေ့က ဖမ်းမိပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
မြန်မာပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်တာတွေ စီးပွားရေးအခက်အခဲတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေဖို့ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသူတွေကို ဖမ်းမိတာ အခုဆိုရင် ဒီလထဲမှာပဲ လူဦးရေ ၂၀၀ လောက် ရှိသွားပြီ ဖြစ်ပါတယ်။ မနေ့ကတော့ ၂ သုတ်ခွဲပြီး ခိုးဝင်လာတဲ့ မြန်မာ ၆၀ ကျော်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။
"မနေ့ကတုန်းက ကန်ချနာဘူရီခရိုင်ထဲမှာပဲ BAN KAO ဆိုတဲ့နေရာမိတာ အားလုံးပေါင်း အယောက် ၆၀ ပါ မြန်မာပြည်ထဲကလာတာ အုပ်စု ၂ စု ခွဲပြီးမိတာ။ မြန်မာပြည်ဘက်ကနေ ထားဝယ်ဘက်က ဝင်လာတယ်လို့ ပြောတယ်။ ပွဲစားတွေနဲ့ အားလုံးကို စောင့်နေတုန်းအချိန်မှာ စစ်ဆေးရေးအဖွဲ့က တွေ့ပြီး မိတာ။ သူတို့က သွားမယ်ဆို နကွန်စဝမ်တို့၊ စမုတ်ဆာခွန်းတို့၊ ပထုံဌာနီတို့၊ နကွန်ပထုံတို့၊ ရာချ်ဘူရီတို့ အဲဒီဘက်တွေ သွားဖို့ ပြောတယ်။ ပွဲစားခကတော့ တဦးကို ဘတ်ငွေ ၁၃,၀၀၀ လောက်ကနေ ၂၀,၀၀၀ လောက်ထိကျတယ်။ ဒုတိယအုပ်စုကတော့ မော်လမြိုင်ဘက်ကလိုပြောတယ်။"
သူတို့တွေဟာ စီးပွားရေးအဆင်မပြေမှုတွေကြောင့် ထွက်ပြေးလာသူတွေဖြစ်ကြောင်း သူတို့ကို တရားမဝင်ခိုးဝင်မှုနဲ့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရကြောင်း အခုလိုပြောပါတယ်။
"သူတို့ကိုတော့ ဝင်လာတာနဲ့ အပူချိန်တိုင်းမယ်။ ကိုဗစ်ရှိ၊ မရှိ စစ်မယ်။ ပြီးရင် သက်ဆိုင်ရာနယ်ခြေခံ ရဲစခန်းတို့၊ လဝကတို့ကိုပို့မယ်။ ဥပဒေအရတော့ တရားမဝင်ခိုးဝင်မှုရယ်၊ ကိုဗစ်ကာကွယ်တားဆီးတဲ့ ဥပဒေအရ အပြစ်ပေး အရေးယူမယ်လို့ ပြောတယ်။ ၂၀၀ ကျော်ပြီထင်တယ်။ ကျနော်တို့ သိတာပဲ ရှိသေးတာ။ မသိတာဆိုရင်တော့ တော်တော်များများတယ်။"
ထိုင်းတောင်ပိုင်းဘက်ကို နိုင်ငံရေးအရ ခိုးဝင်လာသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေဟာ လူပွဲစားတွေနဲ့ ပါလာမှာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။
"နေရေး၊ ထိုင်ရေးနိုင်ငံရေးကြောင့် ဖမ်းတာဆီးမှာကြောင့် ထွက်ပြေးရသူတွေလည်း ရှိတယ်။ အဲဒီလိုတွေလည်း ရောက်လာကြတယ်ပြောတယ်။ အခုလိုဖြစ်တော့ အဲဒီလူတွေပဲပါလာမှာစိုးရိမ်ရတယ်။"
ထိုင်းနိုင်ငံကတော့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ဖမ်းဆီးနေတဲ့ကြားကပဲ တရားမဝင်ခိုးဝင်လာသူတွေဟာ နေ့စဉ်ဖမ်းမိနေတာဖြစ်ပါတယ်။ အခုဆိုရင် အစုလိုက်အပြုံလိုက် ဖမ်းဆီးမိနေတာကြောင့် ဒီတလထဲမှာပဲ လူဦးရေ ၂၀၀ လောက် ဖမ်းဆီးခံနေရပါတယ်။ အလားတူ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ထိုင်းနယ်စပ် တာ့ခ်ပြည်နယ်တွေမှာလည်း ဖမ်းဆီးမိနေတာတွေလည်း ရှိနေပါတယ်။
[Unicode Version]