သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် အဖမ်းအဆီးများ


ကမ်ချနဘူရီခရိုင်မှာ ဖမ်းမိတဲ့မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - Thai Police - သြဂုတ် ၁၁၊ ၂၀၂၀ )
ကမ်ချနဘူရီခရိုင်မှာ ဖမ်းမိတဲ့မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - Thai Police - သြဂုတ် ၁၁၊ ၂၀၂၀ )

[Zawgyi/Unicode]

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ လူမှောင်ခိုအဖြစ် မသင်္ကာသူတွေကို ထိုင်းအာဏာပိုင်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ အခုအခါ မြန်မာနိုင်ငံသားတွေ အပါအဝင် အိမ်နီးချင်း သုံး နိုင်ငံက အလုပ်သမားတွေကို အကန့်အသတ်နဲ့ ပြန်လက်ခံတော့မယ့်အကြောင်း ကြေညာခဲ့ပြီးနောက်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေလည်း တိုးလာနေတာပါ။ ထိုင်းမြန်မာနယ်စပ် ကန်ချပူရီ၊ မဲဆောက်နဲ့ချင်းရိုင်ခရိုင်တွေမှာလည်း တရားမဝင် မြန်မာနိုင်ငံသားတွေနဲ့အတူ လူကုန်ကူးဂိုဏ်းဝင်တွေလို့ မသင်္ကာသူတွေကိုလည်း ဖမ်းဆီးမိခဲ့တာတွေ ရှိနေကြောင်း ထိုင်းနယ်ခြားစောင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့AAC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကတော့ မကြာသေးခင်ကစလို့ လုံခြုံရေး တိုးမြှင့်ထားတဲ့ ထိုင်းနယ်စပ်မှာ ဖမ်းဆီးအရေးယူနေတဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

"နယ်စပ်တလျှောက်မှာလည်း ထိုင်းစစ်တပ်က ကင်းလှည့်ပြီး ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေတာတွေ ရှိတယ်။ မြန်မာနိုင်ငံထဲမှာ ရပ်တည်ဖို့က ကိုယ့်နိုင်ငံမှာလည်း နေထိုင်ရပ်တည်ဖို့ ခက်ခဲတော ရတဲ့ နည်းနဲ့ ထိုင်းထဲကိုပြန်ပြီး ခိုးဝင်လာကြတယ်။ အခုတော့ ခိုးဝင်မြန်မာတွေကတော့ ထောင် ၆ လ ကျတာရှိတယ်။ အရင်ကဆို ခိုးဝင်တယ် ပြန်ပို့တယ်။ အခုတော့ ထောင်ပါကျတယ်၊ Black list တွေဖြစ်ကုန်တယ်။"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းကလည်း ထိုင်းမြန်မာနယ်စပ် ကမ်ချဘူရီခရိုင် Kanchanaburi နောက်လူ Nong Luကျေးရွာ အမှတ်(၁) အုပ်စုနယ်မြေအတွင်း အမှတ်(၃) နယ်ခြား စစ်ဆေးဂိတ်က အဖြူရောင် ပစ်ကပ်ကားကို တားဆီးစစ်ဆေးခဲ့ရာမှာ ကားတွင်းမှာ လိုက်ပါလာတဲ့ နိုင်ငံကူးစာအုပ်တွေကိုင်ဆောင်ထားကြတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို စစ်ဆေးတွေရှိခဲ့ပြီး ကားမောင်းသူ ထိုင်းနိုင်ငံသားနဲ့အတူ လူမှောင်ခိုသူတွေအဖြစ် မသင်္ကာသူ မြန်မာနိုင်ငံသား နှစ် ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ လူမှောင်ခိုအဖြစ် မသင်္ကာသူတွေကိုတော့ လူကုန်ကူးမှု ဥပဒေနဲ့ အရေးယူခဲ့ပြီး မြန်မာနိုင်ငံသား ၁၄ ဦးကိုတော့ ကပ်ရောဂါ ထိမ်းချုပ်ရေးဥပဒေနဲ့ အရေးယူမှာ ဖြစ်ကြောင်း ကန်ချဘူရီ ရဲမှူး Col. Samran Klangmarn က ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို့နယ် ဝင်ဖန်ခန်နယ်စပ် ကားလမ်းမှာ အထောက်အထားမပါတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ကားတစ်စီးနဲ့သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သလို ထိုင်းနိုင်ငံ တပ်ခရိုင်က နယ်စပ်စစ်ဆေးရေးဂိတ်မှာလည်း မြန်မာနိုင်ငံသား လေး ဦးကို ထိုင်းဘတ်ငွေ ၁၅,၀၀၀ နှုန်းစီ အခကြေးငွေယူပြီး ဘန်ကောက်မြို့ကနေ နယ်စပ်ကို ခေါ်လာတဲ့ ထိုင်းနိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ကမ်ချနဘူရီခရိုင်မှာ ဖမ်းမိတဲ့မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - Thai Police - သြဂုတ် ၁၁၊ ၂၀၂၀ )
ကမ်ချနဘူရီခရိုင်မှာ ဖမ်းမိတဲ့မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - Thai Police - သြဂုတ် ၁၁၊ ၂၀၂၀ )

ကပ်ရောဂါကာလ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း မကြာသေးခင်ကစလို့ ထိုင်းနယ်စပ်ကတဆင့် တရားမဝင် မြန်မာနိုင်ငံ ပြန်သူတွေ ရှိနေသလို၊ အလုပ်အကိုင် အခွင့်အရေးအတွက် ထိုင်းနိုင်ငံကို လာဖို့ကြိုးစားသူတွေပါ ရှိနေတာကြောင့် လူမှောင်ခိုတွေရဲ့ သားကောင်ဖြစ်ရမယ့် အန္တရာယ် ကြုံနေရတယ်လို့လည်း ထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးကပြောပါတယ်။

"အခက်အခဲကို အခွင့်ကောင်းယူပြီး ပွဲစားတွေပေါ့။ ပို့ပေးမယ် ဘာညာလုပ်ပြီး ခေါင်းပုံ ဖြတ်တာတွေဖြစ်မယ် ... လူမှောင်ခိုကိစ္စတွေပေါ့။ ပြီးခဲ့တဲ့ရက်တွေကလည်း ဖမ်းမိတာရှိတယ်။ လူတွေကလည်းကောက်ရိုးတမျှင်ပေါ့။ ရပ်တည်ရေးအတွက်ဆိုတော့ ဆက်သွယ်ပြီးလုပ်ကြတာရှိတယ်။"

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုခဲ့ကြောင်း ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာပေမဲ့ လူကုန်ကူးခံရသူတွေရဲ့ သားကောင်မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG