သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုဆိုင်ရာ ကန်အစီရင်ခံစာ မြန်မာနဲ့ပတ်သက်လို့ ပြည့်စုံမှုမရှိ - မြန်မာနိုင်ငံခြားရေးဌာန


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက Tier-3 အနိမ့်ဆုံးအဆင့်အဖြစ် အနီရောင် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက Tier-3 အနိမ့်ဆုံးအဆင့်အဖြစ် အနီရောင် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံ။

[Zawgyi/Unicode]

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တိုးတက်မှု အနိမ့်ဆုံးအဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့တဲ့အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်လိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံတနိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တာဟာ လက်တွေ့အခြေအနေတွေကို ထင်ဟပ်မှုမရှိဘူးဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံဟာ သိသိသာသာ ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပေမဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ အနိမ့်ဆုံးအဆင့် Tier-3 မှာ ဆက်လက် ထည့်သွင်းခဲ့တာဟာ စိတ်ပျက်စရာ ကောင်းတယ်လို့လည်း ဖော်ပြထားတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အပြုသဘောနဲ့ပဲ ကျနော်တို့ ရေးထားတာပါ။ ကျနော်တို့ ဆောင်ရွက်တာတွေ အများကြီးရှိတယ်လေ၊ အရေးယူတာတွေလည်းရှိတယ်၊ ကျနော်တို့က လူကုန်ကူးတာကို ကျူးလွန်တဲ့ နိုင်ငံလည်းမဟုတ်ဘူး၊ အဲဒီဟာနဲ့ ပတ်သက်လို့ ကျနော်တို့နိုင်ငံသားတွေပဲ ခံစားနေရတာလေ။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ကြေညာချက်ထဲမှာ ပြောထားပြီးသားပဲ။ အဲဒါလေးတွေမှာ သူတို့ အစီရင်ခံစာက ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမရှိဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က စိတ်ပျက်မိတယ်ပေါ့။”

ဒါပေမဲ့လည်း လူကုန်ကူးမှု တားဆီးရေးနဲ့ပတ်သက်လို့ အမေရိကန်အပါအဝင် တခြားမိတ်ဆွေနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဦးချမ်းအေးက ပြောပါတယ်။ မြန်မာသမ္မတရုံးက ညွှန်ကြားချက်တစောင်ကို ၂၀၁၉ ထဲမှာ ထုတ်ပြန်ခဲ့ပြီး လူကုန်ကူးသူတွေကို ပြစ်ဒဏ်ချနိုင်ဖို့၊ အသိပညာပေးဖို့၊ တခြားနိုင်ငံတွေဆီက နည်းပညာနဲ့ အတွေ့အကြုံယူဖို့ ဌာနဆိုင်ရာတွေကို အသိပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီလိုအားထုတ်မှုတွေ ရှိနေပေမဲ့ အမေရိကန်အစိုးရက အသိအမှတ်မပြုကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးတားဆီးရေးဌာနက ဒုရဲမှူးကြီးပေါ်ထွန်းက ပြောပါတယ်။

"အမေရိကန်နိုင်ငံအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်မပြုဘူးပေါ့လေ၊ အဲလိုပဲ သုံးသပ်ရတာပေါ့နော်။ နောက်နောင်မှာလည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောင်ရွက်ချက်တွေ၊ သိသာထင်ရှားတဲ့ အချက်တွေကို ပိုပြီးတော့ ဖော်ပြပြီးတော့ ဘက်လိုက်မှုကင်းကင်းနဲ့ ဒါလေးတွေဆောင်ရွက်ဖို့လည်း ကျနော်တို့က မျှောလင့်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူမှောင်ခိုမှုတွေ အစပျိုးရာ နိုင်ငံတနိုင်ငံ အဖြစ်နဲ့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာပေမဲ့ လူကုန်ကူးခံရသူတွေရဲ့ သားကောင်မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှောင်ခိုမှု တိုက်ဖျက်ရေးမှာ Tier-3 အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားတဲ့ အာရှနိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံအပြင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေလည်း ပါဝင်ကြပါတယ်။

[Unicode Version]









XS
SM
MD
LG