သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကူးမှုအခြေအနေ အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံပါနေဆဲ


ဇွန်လ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်လိုက်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာ (TIP)။ (ဓာတ်ပုံ - US Department of State - ဇွန် ၂၅၊ ၂၀၂၀)
ဇွန်လ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်လိုက်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာ (TIP)။ (ဓာတ်ပုံ - US Department of State - ဇွန် ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာ (TIP) ထဲမှာ မြန်မာနိုင်ငံကို မနှစ်ကလိုပဲ အဆိုးဆုံးအဆင့် Tier 3 အဆင့်မှာ ဆက်ပြီးသတ်မှတ်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ရာမှာ အနိမ့်ဆုံးစံ သတ်မှတ်ချက်တွေကိုတောင် အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပြင် သိသာ ထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်ချက်မျိုးတွေလည်း မတွေ့ရတာကြောင့် အခုလို Tier 3 အဆင့် ဆက်ပြီး သတ်မှတ်တာဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ငါးဖမ်းလုပ်ငန်းမှာ အတင်းအကြပ် အလုပ်ခိုင်းစေခံနေရသူတွေအပါအဝင် လူမှောင်ခိုရာဇဝတ်မှုတွေကို စုံစမ်းအရေးယူတာမျိုးတော့ တိုးလုပ်လာတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရအနေနဲ့ အတော်ကြာနှောင့်နှေးနေတဲ့ ကလေးလုပ်သား ကာကွယ်ရေးဆိုင်ရာ ဥပဒေကိုအတည်ပြုဖို့ထက် လူကုန်ကူးမှုနဲ့ ရင်ဆိုင်ခဲ့ရသူတွေကို ပိုပြီး အာရုံစိုက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်လို့ကတော့ မနှစ်က အလားတူကာလနဲ့စာရင် မြန်မာစစ်တပ်ရဲ့ ကလေးစစ်သားစုဆောင်းမှု နည်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အစီရင်ခံစာပြုစုတဲ့ကာလအတွင်း အတင်းအကြပ်အလုပ်ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိသလို စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာတော့ကလေးတွေကိုဆက်ပြီး အသုံးချနေသေးတယ်လို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြထားတာပါ။

ကုလသမဂ္ဂရဲ ့ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှု ပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားထားတာပါ။ ကလေးစစ်သားစုဆောင်းမှု သိသိသာသာ လျော့နည်းသွားသလို ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ခြေရာခံပြီး အစီရင်ခံဖို့ သဘောတူညီတာကြောင့် အခုလို စာရင်းထဲက ဖယ်ရှားလိုက်တာလို့ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ TIP အစီရင်ခံစာမှာတော့ လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဂယက်ကြောင့် လူကုန်ကူးခံရမယ့်အခြေအနေ ပိုများလာတယ်လို့ ပြောထားပါတယ်။ အတင်းအကြပ်အလုပ်ခိုင်းစေတာရှိနေပြီး လူနည်းစုမွတ်ဆလင် ၁,၀၀၀,၀၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ အမေရိကန်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောဆိုနေတဲ့ တရုတ်နိုင်ငံကိုလည်း မြန်မာလိုပဲ Tier 3 အဆင့်မှာ ထည့်သွင်းထားတာပါ။

Tier 3 အဆင့်အဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်၊ မြန်မာ၊ ဘရွန်ဒီ၊ တရုတ်၊ ကော်မိုရို၊ ကျူးဘား၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊လီဆိုသို၊ နီကာရာဂွါ၊ ပါပူဝါ နယူးဂီနီ၊ ရုရှား၊ တောင်ဆူဒန်၊ ဆီးရီးယား၊ တပ်ခ် မင်နီစတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG