ပြည်တွင်းစစ်ဖြစ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိနှုန်း ပိုများလာတယ်လို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ပြောလိုက်ပါတယ်။
Methamphetamine စိတ်ကြွဆေးနဲ့ Ice လို့လည်း သိကြတဲ့ Crystal Meth ဆေးပြားတွေကို မူးယစ်မှောင်ခိုသမားတွေက တောတောင်ထူထပ်တဲ့ မြောက်ပိုင်းဒေသ ဒါမှမဟုတ် မဲခေါင် မြစ်ကြောင်းနေတဆင့် ထိုင်းနိုင်ငံအတွင်းကို ပို့ဆောင်နေတာလို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ ONCB ဒုတိယ အတွင်းရေးမှူးချုပ် Apikit Ch. Rojprasert က ပြောပါတယ်။
အင်အားတောင့်တင်းတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မူးယစ်ဆေးဝါးချက်တဲ့ ဓါတ်ခွဲခန်းတွေ ဆောက်ထားကြတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ စစ်ကောင်စီပြောခွင့်ရကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစုံတရာ မှတ်ချက် ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ သံဓိဌာန်ချထားတယ်လို့ အရင်က ပြောခဲ့ဘူးပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လက်နက်ဝယ်ယူဖို့လိုအပ်တာဟာ မူးယစ်ဆေးဝါးတိုးပြီး ထုတ်လုပ်လာရတဲ့ အကြောင်းရင်း ဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သုံးသပ်ပါတယ်။
၂၀၂၄ ခုနှစ် ပထမ ၈ လခွဲအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နဲ့ မဲ့ဟောင်ဆောင် ပြည်နယ်တွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိနှုန်း ၁၇၂ ရာခိုင်နှုန်းတိုးလာတာပါ။ ၂၀၂၃ ခုနှစ်တုန်းကတော့ မူယစ်ဆေးဝါးအလုံးရေ ၃၄၆ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ONCB စာရင်းကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။
Forum