သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက မြန်မာအလုပ်သမားတွေ တစ်ရက် ၂,၅၀၀ နှုန်း ပြန်လက်ခံမယ်


ထိုင်း - မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်ကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားများ (မတ် ၂၃၊ ၂၀၂၀)
ထိုင်း - မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်ကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားများ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

မေလ ၁ ရက်နေ့က စလို့ ထိုင်းက မြန်မာအလုပ်သမားတွေ နိုင်ငံတွင်းပြန်လာမယ့်အခြေအနေအပေါ် ပြင်ဆင်ဆောင်ရွက်ထားမှု သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာဘက်က မေလ ၁ ရက်နေ့ကနေ စတင်လက်ခံပေးမှာ ဖြစ်ပြီး တရက်ကို အလုပ်သမား ၂,၅၀၀ ထက်မကျော်ဘဲ လက်ခံသွားမှာ ဖြစ်ပါတယ်။ နေရပ်ပြန်ဖို့ အဆင်သင့်စောင့်နေတဲ့ ထိုင်းနိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အရေအတွက်က ၁၆,၀၀၀ ကျော်ရှိနေတာပါ။ သူတို့ကို ကရင်ပြည်နယ်မြဝတီမြို့မှာ စောင့်ကြည့်ရေးစင်တာ ၁၀ ခုထားပြီး လက်ခံဖို့ ပြင်ဆင်ထားပြီးကြောင်း ကရင်ပြည်နယ်မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားတဲ့အတိုင်း ဧပြီ ၃၀ နောက်ပိုင်းမေလ ၁ ရက်နေ့ကနေ စတင်လက်ခံလို့ ရပါပြီ။ လက်ရှိကတော့ မနေ့ညက စာရင်းအထိ ၁၆,၀၀၀ ကျော်ကတော့ အပလီကေးရှင်း စာရင်းသွင်းထားပြီးပါပြီ။ စောင့်ကြည့်စင်တာ ၁၀ ခုနဲ့ အင်အားကတော့ ၂,၀၀၀ လောက်ထိတော့ ဆန့်ပါတယ်။ ပြည်နယ်တိုင်း အတော်များများက အစိုးရဌာနဆိုင်ရာ အဖွဲနဲ့ညှိနှိုင်းဖို့ကတော့ သူတို့ဆီမှာ စောင့်ကြည့်စင်တာတွေမှာ ထားမှာ များတယ်။ ဒါပေမဲ့ တိုက်ရိုက်လာကြိုနိုင်မဲ့ အခြေအနေ မရှိရင်တော့ကျနော်တို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြားထားဖို့တော့ စီစဉ်ထားပါတယ်။"

ပြီးခဲ့တဲ မတ်လတုန်းက သောင်းဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ကို ပြန်ခဲ့ကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စောင့်ကြည့်ရေးစင်တာတွေပြင်ဆင်ဖို့ အချိန်ယူရမှာမို့ နေရပ်ပြန်မြန်မာတွေကို ဧပြီလ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လာဖို့ ပြောဆိုထားတာပါ။ အခုအခါမှတော့တနေ့ကို လူဦးရေ ၂,၅၀၀ မကျော်ဘဲ လက်ခံတော့မှာ ဖြစ်တယ်လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။

"ကျနော်တို့ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လာဖို့ စီစဉ်ထားပြီးတော့ ထိုင်းနိုင်ငံခြားရေးဌာနကိုအကြောင်းကြားပြီး တရက်ကို ၂,၅၀၀ မကျော်ဘဲ လက်ခံဖို့ကတော့ တရားဝင်ပြောထားတယ်။ ပြင်ဆင်ရတာက စောင့်ကြည့်ရေးစင်တာ လုပ်ငန်းတွေအတွက်ကတော့ လူဦးရေ ၂,၅၀၀ မကျော်ဖို့ တရားဝင်ညှိနှိုင်းထားပြီး ဖြစ်တယ်။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်းရှိနေပြီ။ COVID-19 အရေးပေါ်ကာလမှာ စက်ရုံတွေက လူလျှော့လို့ အလုပ်ပြုတ်ကြတာတွေ စက်ရုံတွေမှာ တရုတ်ပြည်က လာမယ့် ကုန်ကြမ်းပြတ်လို့ စက်ရုံတရုံလုံး ပိတ်ပစ်လိုက်ရတွေလည်း ရှိနေပါတယ်။တချို့ကတော့ စီးပွားရေးကျဆင်းတာကြောင့် လုပ်သားဌားရမ်းမှုတွေ မလုပ်နိုင်တော့ဘဲ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေလည်းရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာအလုပ်သမားတွေဟာ နေရပ်ကို ပြန်ဖို့ စီစဉ်ကြတာဖြစ်ပါတယ်။ ထိုင်းမှာ COVID-19 အကူးခံရတဲ့ မြန်မာအလုပ်သမားအရေအတွက် ကတော့ ၅၂ ဦး ရှိပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ ထိုင်းတောင်ပိုင်းဆုံခလာခရိုင်ရဲ့ လဝက ထိန်းသိမ်းရေး စခန်းမှာ တရားမဝင်နိုင်ငံခြားသား ၄၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပြီး ဒီထဲမှာမြန်မာနိုင်ငံသား ၃၄ ဦး ပါဝင်တာပါ။ ဒီထဲက မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် ဆေးရုံကို ပို့ပြီး ကုသမှုခံနေရပါတယ်။

ဒီလို ရောဂါကူးစက်ခံရတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ဘာတွေ ကူညီစောင့်ရွက်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG