သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ပြန်ဝင်ရေး အနည်းငယ်နှောင့်နှေး


ထိုင်း - မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်မှာ တွေ့ရတဲ့ နေရပ်ပြန်မြန်မာအလုပ်သမားတချို့ (မတ် ၂၃၊ ၂၀၂၀)
ထိုင်း - မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်မှာ တွေ့ရတဲ့ နေရပ်ပြန်မြန်မာအလုပ်သမားတချို့ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာဘက်က ထိုင်းပြန်အလုပ်သမားတွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိနေပေမဲ့လည်း COVID-19 ရောဂါထိန်းချုပ်ထိုင်းအာဏာပိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် စောင့်ရမှာမို့ မြန်မာအလုပ်သမားတွေ နယ်စပ်က ပြန်ဝင်ရေး နှောင့်နှေးနိုင်တယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

COVID-19 ကာလ အရေးပေါ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက နယ်မြေတခုနဲ့ တခုကျော်ပြီး မသွားလာရတာတွေ ကန့်သတ်တာတွေ ညမထွက်ရအမိန့်တွေ တလ ထပ်တိုးလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ကိစ္စက ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး မေလ ၁ ရက်နေ့ ပြန်လာဖို့ကိစ္စကတော့ လောလောဆယ် မဖြစ်သေးကြောင်း ကရင်ပြည်နယ် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

"ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလကို သက်တမ်းတလ ထပ်တိုးတာကြောင့် ညမထွက်ရအမိန့်နဲ့ နယ်မြေဖြတ်သန်းပြီး ခရီးသွားလာခွင့်တွေအတွက် မေလ ၁ ရက်နေ့ကတော့ ကားတွေ မဖွင့်နိုင်သေးဘူး။ ကျနော်တို့ နိုင်ငံခြားရေးအချင်းချင်းက ဆက်သွယ်ထားတယ်။ သူတို့ ထိုင်းနိုင်ငံခြားရေးကတော့ ကိုဗစ်ကော်မတီကို တင်ပြထားတယ်။ ကိုဗစ်ကော်မတီက ၃၀ ရက်နေ့နဲ့ မေလ ၁ ရက်နေ့လောက် အစည်းအဝေး ထိုင်လိမ့်မယ်။ အကောင်အထည်ဖော်ရင်တော့ ၂ ရက်နေ့လောက်တော့ အမြန်ဆုံးဖော်လိမ့်မယ်။ သူ့လုပ်ငန်းစဉ်အတိုင်း သွားရတာပေါ့။ ခရီးသွားလာရေးကတော့ ပြည်ထဲရေးနဲ့ ဆိုင်တယ်။ ကားသွားလာရေးကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးတွေနဲ့ ဆိုင်တယ်။ ဌာနဆိုင်ရာတွေ အကောင်အထည်ဖော်နိုင်အောင် တရက်၊ နှစ်ရက်တော့ စောင့်ရမှာပေါ့။"

နယ်စပ်ဖြတ်ကျော်တံတားကိုလည်း ပိတ်ထားဦးမှာ ဖြစ်ပြီး အလုပ်သမားတွေ ပြန်ဝင်နိုင်မယ့် အခြေအနေကျမှ ဖွင့်ပေးမယ်လို့လည်း ဦးတေဇာအောင်က ဗွီအိုအေကို ပြောပါတယ်။


"ထိုင်းဘက်ကလည်း ဝင်လာရင် နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် စောင့်ကြည့်ဝင်ရမယ်။ နိုင်ငံခြားသား ဝင်ခွင့်မပြုသေးဘူးလို့ ထုတ်ထားတယ်။ နိုင်ငံသားဝင်လာလည်း Quarantine စောင့်ကြည့်ရေးစင်တာမှာ နေရမယ်။ ကျနော်တို့ဘက်ကလည်း Quarantine စောင့်ကြည့်ရေးစင်တာမှာ ဝင်ရမယ်။ ၂၁ ရက်ဝင်ရမယ်။ တံတားဖွင့်လည်း သွားမရဘူး။ မဲဆောက်ကို သွားလည်း ၁၄ ရက် စောင့်ကြည့်ဝင်ရမယ်။ နယ်စပ်ဝင်ပေါက်ဖွင့်လိုက်လို့ ရှိရင်ဒီလိုဟာကို နားလည်မှုလွဲတဲ့ အလုပ်သမားလေးတွေ ဝင်လာရင် ကိုရိုကာယားဖြစ်မှာ စိုးလို့ပါ။"

မြန်မာဘက်ကတော့ နှစ်နို်င်ငံသဘောတူ စာချုပ်နဲ့ သွားပြီး နေရပ်ကို ပြန်ဝင်လာကြမယ့် အလုပ်သမားတွေသာမက ဗီဇာအမျိုးအမျိုးနဲ့ ထိုင်းကို ရောက်နေသူတွေကိုလည်း ပြန်လည်လက်ခံသွားမှာဖြစ်သလို တရားမဝင် အထောက်အထား မရှိသူတွေကိုလည်း ပြန်လည်လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာဘက်က တနေ့ကို လူဦးရေ ၂,၅၀၀ အထိ လက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က လွဲလို့ COVID-19 အရေးပေါ်ကာလမှာ နယ်စပ်ဖြတ်ကျော် လက်မှတ်လုပ်မဲ့သူတွေကို လက်ရှိမှာ ထိုင်းမြန်မာနှစ်ဘက်လုံးက အသွားအလာတွေ ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG