သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတဦးကို ပစ်ခတ်ခဲ့သူ ထိုင်းရဲတပ်ကြပ်ကြီး အဖမ်းခံ


ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသားကို ဝင်ရောက်ပစ်ခတ်သွားတဲ့ အခင်းနေရာ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသားကို ဝင်ရောက်ပစ်ခတ်သွားတဲ့ အခင်းနေရာ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသားကိုပစ်သတ်ခဲ့သူဟာ ထိုင်းရဲတပ်ကြပ်ကြီး တဦးဖြစ်ပြီး သူဟာ ခွန်ကယ်ရဲစခန်းမှာ မိသားစုနဲ့အတူ လာရောက်အဖမ်းခံခဲ့တယ်လို့ ခွန်ကယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ကဆေးရုံကြီးမှာ အကြိတ်ခွဲစိတ်ကုသဖို့ ဆေးရုံတက်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုကျော်စွာအောင်ရဲ့ဦးခေါင်းကို ဇွန်လ ၇ ရက်နေ့မနက်အစောကြီးမှာ သေနတ်နဲ့ပစ်ခဲ့ပြီးတိမ်းရှောင်သွားသူက ထိုင်းရဲတပ်ကြပ်တဦးဖြစ်ကြောင်းနဲ့ ရဲစခန်းမှာ ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တယ်လို့ ခွန်ကယ်ခရိုင် ရဲမှူး အနုဝတ် စဝါနပူ ကသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

"အခုလို လူသတ်မူ ဖြစ်ရတဲ့ အကြောင်းအရင်းအမှန် ကို စုံစမ်းဖေါ်ထုတ်နေပါတယ်။ အခုချိန်မှာ တရားခံ ဟာ စိတ်ရူပ်ထွေးပြီး ထွက်ဆိုချက်တွေကလည်း ရူပ်ထွေးနေပါသေးတယ်။ တရားခံကတော့ ဒေါသစိတ်မထိန်းနိုင်လို့ ပစ်မိတာ" လို့ ထွက်ဆိုကြောင်းရဲမှူးကပြောဆိုသွားပါတယ်။

ခွန်ကယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လူသတ်မှုကျူးလွန်သူ ရဲအရာရှိ ဝီရဘုန်းဟာ မိသားစုဝင်တွေနဲ့အတူ ရဲစခန်းမှာလာရောက်အဖမ်းခံခဲ့ကြောင်းနဲ့ ဝန်ခံထွက်ဆိုထားချက်တွေကိုလည်း ပြောပြခဲ့ပါတယ်။ 'ဆေးရုံတက်နေတဲ့ သူရဲ့ဖခင်ဖြစ်သူနဲ့ ကပ်လျက်ကုတင်မှာ ဆေးကုသမှုခံယူနေတဲ့ မြန်မာနိုင်ငံသားဟာ သူ့ဖခင်ကို ရိုင်းပျစွာ အော်ဟစ် ဆက်ဆံတာကို စိတ်ဆိုးပြီး အခုလို လက်လွန်သွားတာ' ဖြစ်ကြောင်း ဝန်ခံထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရားခံ ရဲအရာရှိဟာ စိတ်ကျရောဂါနဲ့ ဆေးသောက်နေရသူဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်မှုအပေါ်မှာတော့ ဝေဖန်တာတွေရှိနေပြီး လူသတ်မှုကျူးလွန်သူ ရဲတပ်ကြပ်ကို အမှုပေါ့အောင်လုပ်တာလို့လည်း ထိုင်းသတင်းတွေမှာ ဝေဖန်နေကြပါတယ်။

သေနတ်ပစ်ခံရတဲ့မြန်မာနိုင်ငံသားဟာ ညနက်တဲ့အထိ ဂိမ်းဆော့နေတတ်ပြီး အခြားသူတွေကိုအနှောင့်အယှက်ဖြစ်တာတွေရှိကြောင်း လူသတ်မှုကျူးလွန်တဲ့ရဲတပ်ကြပ်မိသားစုဘက်ကလည်း ထွက်ဆိုထားပါတယ်။​ ဒါပေမဲ့လည်း ဒီလိုပြုမူချက်တွေက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးတာမျိုးဖြစ်စေပေမယ့် သေနတ်နဲ့ပစ်ရလောက်တဲ့ ပြစ်မှုမျိုး ကျူးလွန်တာမဟုတ်ဘူးလို့လည်း သေဆုံးသူနဲ့နီးစပ်သူတွေက ပြောဆိုခဲ့ပါတယ်။

သေဆုံးသူက အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်သူကတော့ ၃၄ နှစ်အရွယ် ထိုင်းရဲတပ်ကြပ်တဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်ကိုကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားကြောင်း ခွန်ကယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG