သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်မှု ထိုင်းဗဟို တရားရုံးချုပ်ထံ အယူခံဝင်ဖို့ မြန်မာ ပြင်ဆင်


ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ဦး။
ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ဦး။

ဗြိတိသျှလူငယ်၂ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ် ၂ ဦးရဲ့ အယူခံကို ထိုင်းဗဟိုတရားရုံးချုပ်က တင်ပြရမဲ့ရက် ဖြစ်တဲ့ မေလ ၂၃ ရက်နေ့ ရောက်ရှိ လာခဲ့ပေမဲ့ မြန်မာနိုင်ငံဘက်က DNA စစ်ဆေးချက် ပုံစံတွေနဲ့ ပတ်သက်လို့ ထိုင်းရှေ့နေများ ကောင်စီဘက်က သိလိုတဲ့ အချက်အလက်တွေ ပြင်ဆင်ရဦးမှာမို့ နောက်တလ ထပ်တိုးပြီး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဗြိတိသျှ လူငယ်၂ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ ပြောင်း လူငယ်၂ ဦးရဲ့ အယူခံကို မတ်လ ၁ ရက်နေ့ ကနေ ပယ်ချခံခဲ့ရပြီး နောက်မှာတော့ မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲ့ မူခင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနဲ့ တွေဆုံဆွေးနွေးပြီး ထိုင်း ဗဟိုတရားရုံးချုပ်ကိုတင်မယ့် အယူခံကို ပြင်ဆင်နေကြတာပါ။

အဓိက သက်သေဖြစ်တဲ့ DNA နဲ့ပတ်သက်လို့ပြင်ဆင်ရမယ့် အချက်အလက်တွေ ရှိနေသေးတာကြောင့် အခု မေလ ၂၃ ရက်နေ့ကို အယူခံမတင်ဖြစ်ဘဲ တလ ရက်တိုး တောင်းဆိုထားကြောင်း တရားခံ မြန်မာလူငယ်တွေ ဘက်ကနေ အကျိုးဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ အမှန်အတိုင်း ဆိုရင် ၂၃ ရက် ၅ လနေ့ကို အယူခံ တင်ရဖို့ပါ။ ဒါပေမယ့် အခု မြန်မာနိုင်ငံက ဥပဒေ အကြံပေးတွေရဲ့ စာမျက်နှာ ၇ မျက်နှာပါတဲ့ အကြံပေးစာ ကိုလည်း ထိုင်း ရှေ့နေများ ကောင်စီကို ပို့ပြီးပါပြီ။ သို့သော် ထိုင်းရှေ့နေများ ကောင်စီက အယူခံ လေ ျှာက်လွှာရေးနေတဲ့ အခါကျတော့ DNA နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က DNA စစ်ဆေးပုံ စစ်ဆေးနည်းတွေကို သိလိုပြီးတော့ ဒီအချက်တွေကိုလည်း ထည့်သွင်းရေးလိုတယ်လို့ ဆိုပြီးတော့ DNA စစ်ဆေးပုံ စစ်ဆေးနည်းကိုလည်း အကူအညီ တောင်းထားပါတယ်။ ဒါကြောင့် ရက်ချိန်းက ၂၃ ရက်နေ့ အမီ ရေးတင်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် မို့လို့ ရက်တိုးပေးဖို့ ဆိုပြီးတော့ တရားရုံးကို လေ ျှာက်လွှာ တင်ခဲ့တာပါ။ ”

ထိုင်းနိုင်ငံက အပန်းဖြေကျွန်း ဖြစ်တဲ့လိပ်ကျွန်းကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွား ၂ ဦးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျွန်းပေါ်မှာဘဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင် တွေက အမြင့်ဆုံး သေဒဏ် အပါအဝင် လူသတ်မှု ၊ မုဒိန်းမှု၊ တရားမဝင် ဝင်ရောက်မှု စတဲ့ အမှု ၇ မှုနဲ့ပြစ်ဒဏ်ပေးခဲ့ပြီး ဘန်ခွမ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တရားခံ အဖြစ် စွပ်စွဲခံထားရချက်တွေထဲက DNA စစ်ဆေးချက်တွေကို ထိုင်းမှုခင်း ဆရာဝန် ဒေါက်တာ ပွန်ထစ်က စစ်ဆေးခဲ့ပြီး DNA နဲ့ ပတ်သက်လို့ နောက်ထပ် စစ်ဆေးခွင့် မရတော့တဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ လူသတ် လက်နက် ဖြစ်ပါတယ်ဆိုတဲ့ ပေါက်တူးမှာ DNA တွေ့ရှိတယ်။ ဒါပေမယ့် အဲဒီ တွေ့ရှိတဲ့ DNA က အခု တရားခံ ကလေး ၂ ယောက်ရဲ့ DNA မဟုတ်ဘူး။ ယောကျာ်း ၂ ယောက်ရဲ့ DNA တွေ့တယ်။ အဲဒီ DNA ဟာ တခြား လူစိမ်းရဲ့ DNA ဖြစ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။ တရားလိုဘက်က သုံးမျိုးဘဲ ပေးနိုင်တယ်။

တစ် အချက်က ပေါက်တူးရယ်၊ နှစ် အချက်က ပီနန်အိတ် ၂ လုံးရယ်၊ နောက် တခါ ဖိနပ် တဖက်ရယ် ဒီသုံးခုပါ။ အဲဒီတော့ ပီနန်အိတ် ထဲမှာတော့ ဘာမှ မတွေ့ပါဘူး။ ဒါပေမယ့် လူသတ်လက်နက် ဖြစ်တဲ့ ပေါက်တူးမှာကတော့ ခုနက ပြောသလို DNA တွေ့တယ်။ ယောက်ျား ၂ ယောက်ရဲ့ DNA ဖြစ်တယ်။ သို့သော် ဒီ DNA ဟာ အခု တရားခံကလေးတွေရဲ့ DNA မဟုတ်ဘူးဆိုတဲ့ အချက်က ပေါ်လွင်ပါတယ်။

နောက်တခါ တကယ် အရေးကြီးတဲ့ Hanna ဆီက ရတဲ့ DNA ကို ပြန်လည် စစ်ဆေးဖို့ တောင်းဆိုတဲ့ အခါမှာ တရားလို ဘက်ကနေ ဒီ DNA တွေကိုတော့ သူတို့ စစ်ဆေး စမ်းသပ်ပြီး ကုန်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် မပေးနိုင် ပါဘူးဆိုပြီး ပြန်တောင်းပန်တာကို တွေ့ရပါတယ်။

နောက်တခါ Hanna ရဲ့ တန်ဆာ ထဲမှာ တွေ့ရတဲ့ DNA ဟာ လူ ၃ ဦးရဲ့ DNA ဖြစ်နေတယ်လို့ သိရပါတယ်။ ရောထွေး DNA ဟာ မည်သူ့ရဲ့ DNA ဖြစ်ကြောင်း ခွဲခြား ရတဲ့ အခါမှာ အလွန့်အလွန်ကို ခက်ခဲတဲ့ အနေအထား ရှိပါတယ်။ ကလေးတွေကို ပြစ်ဒဏ်ပေးတာ မှားတယ်ဆိုတဲ့ အချက်တွေ ရှိပါတယ်။ ”

မြန်မာ ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာ တော့ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး ကနေ အမှု အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG