မြန်မာ့အရေး ဝိုင်းဝန်းအဖြေရှာနိုင်အောင် ထိုင်းဝန်ကြီးချုပ်က ဒီဇင်ဘာမှာ အလွတ်သဘောဆွေးနွေးပွဲ လက်ခံကျင်းပပေးဖို့ ကမ်းလှမ်းလိုက်တာကိုကြိုဆိုပေမဲ့ အားလုံး ဘုံသဘောတူ လက်ခံပါ့မလား စိုးရိမ်မှုတွေရှိနေပါတယ်။ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra အဆိုပြုချက်ကနေ တကယ်တမ်း အဖြေရှာနိုင်ဖို့ ဘယ်လို လုပ်သင့်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာလမှာ အလွတ်သဘောဆွေးနွေးပွဲကျင်းပရေး ကမ်းလှမ်းချက်အပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလိုက်ပါတယ်။
“ယေဘုယျအားဖြင့် မြန်မာ့အရေးကို နိုင်ငံတကာအနေနဲ့ ကူညီဖြေရှင်းပေးဖို့ ကြိုးစားချက်တွေ အားလုံးကို ကျနော်တို့က ကြိုဆိုပါတယ်။ အခုဆိုလို့ရှိရင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးကို ကူညီပေးဖို့ ကမ်းလှမ်းတယ်ပေါ့လေ၊ အာဆီယံအစည်းအဝေးမှာလည်း ဒီကိစ္စကို ဖော်ပြတယ်။ အာဆီယံနိုင်ငံများနဲ့ အလွတ်သဘော ညှိနှိုင်းတိုင်ပင်မှုတွေ informal consultation လုပ်မယ်ဆိုတာ မျိုးတွေလည်း သိရတယ်ပေါ့၊ ဒါတွေအားလုံး ကျနော်တို့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ကြိုဆိုပါတယ်။ တကယ်တန်းပြောရမယ်ဆိုရင်တော့ အာဆီယံရဲ့အချက်ငါးချက်ပါတဲ့ ဘုံသဘောတူညီချက်က ကျနော်တို့နဲ့သဘောတူညီခဲ့တာမဟုတ်ပါဘူး။ သို့သော်လည်းပဲ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဥ်တွေအားလုံးမှာ ကျနော်တို့ ပူးပေါင်း ပါဝင်ခဲ့တယ်၊ အခုလည်းပဲ ဆက်လက်ပြီးတော့ အာဆီယံရဲ့ကြိုးပမ်းချက်တွေ၊ အခု လက်ရှိထိုင်းနိုင်ငံရဲ့ကြိုးပမ်းချက်တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ကို အမြဲတမ်းလည်း အဆင်သင့်ရှိပါတယ်။”
ဒါပေမဲ့ အာဆီယံနဲ့ အခုထိုင်းနိုင်ငံကကမ်းလှမ်းချက်ရဲ့ စိန်ခေါ်ချက်ကြီးနေတာအပေါ်တော့ ICG နိုင်ငံတကာပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က အခုလို သုံးသပ်ပြပါတယ်။
“အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ကြီးမားတဲ့စိန်ခေါ်ချက်နဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ပါတယ်။ တရုတ်၊ ပြီးတော့ အိန္ဒိယတောင်မှ လက်တွေ့မြေပြင်အခြေအနေတွေကို ထင်ဟပ်နိုင်အောင် သူတို့ရဲ့ မြန်မာမူဝါဒတွေပြောင်းလာတဲ့ အချိန်မျိုးမှာတောင် အာဆီယံအနေနဲ့က ပြင်ဆင်မှုရှိထားပုံ မရသေးပါဘူး။ စစ်အုပ်စုခေါင်းဆောင်ပိုင်းကို ဒီထိပ်သီးပွဲမတက်ဖို့ တားမြစ်ထားရုံနဲ့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုမျိုး လုံးဝ မဟုတ်ပါဘူး။ ဘယ်လို နည်းလမ်းသစ်အတွက်မဆို အားလုံး ဘုံသဘောတူချက်ရဖို့ကလည်း ခက်ပါဦးမယ်။ ဘန်ကောက်မှာ ဒီဇင်ဘာကျရင် အလွတ်သဘောဆွေးနွေးဖို့ အခုပဲ ကြေညာတာကလည်း နောက်တဆင့်ဖြစ်ပေမဲ့ ထိထိရောက်ရောက်တွန်းနိုင်ဖို့ သဘောတူနိုင်တာမျိုး မတွေ့ရသေးသလောက်ပါပဲ။”
ဒါ့အပြင် အာဆီယံရဲ့ လက်ရှိ စိန်ခေါ်ချက်အပေါ် မြန်မာ့ဒီမိုကရေစီနဲ့ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က အခုလို ထောက်ပြပါတယ်။
“အခုလက်ရှိအာဆီယံရဲ့အဖြစ်က မနှစ်ကထုတ်ခဲ့တဲ့ကြေညာချက်ကို ဒီနှစ်မှာကော်ပီပြန်ကူး၊ ဒီနှစ်ကကြေညာချက်ကို နောက်နှစ်မှာကော်ပီပြန်ကူးဆိုတာမျိုးပဲဖြစ်နေတယ်။ နံပါတ်တစ် ဘာကြောင့် ဒါ အကြပ်အတည်းကြုံရတာလဲဆိုတော့- ၂၀၂၁ ကတည်းက သူတို့ထုတ်ပြန်ထားတဲ့ သဘောတူညီချက် ငါးချက်ဆိုတဲ့ကိစ္စရပ်မှာတင် တဝဲလည်လည်ဖြစ်နေတဲ့အခါကျတော့ စစ်ကောင်စီဘက်က မလိုက်နာတဲ့ အခါကျတော့ သူတို့မှာ ရှေ့ဆက်ဘာလုပ်ရမလဲမသိဘူး ဖြစ်နေတဲ့အနေအထားပေါ့နော်။ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီလိုမျိုး အလုပ်မဖြစ်တဲ့ငါးချက်ကို ကိုင်စွဲမယ့်အစား အဲဒီထက်ပိုပြီး လုပ်ရမယ့်အလုပ်တွေ အများကြီးရှိနေတယ်။”
ဒီနေရာမှာ ထိုင်းရဲ့ အဆိုပြုချက်သစ် အလုပ်ဖြစ်နိုင်အောင်လည်း ဒုဝန်ကြီး ဦးမိုးဇော်ဦးက အခုလို အကြံပြုပါတယ်။
“နိုင်ငံတကာကိုလည်း ကျနော်တို့မေတ္တာရပ်ခံချင်တာက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်တဲ့အခါမှာလည်း ညှိနှိုင်းမှုတွေ ရှိဖို့လိုအပ်တယ်။ အာဆီယံတခုတည်းလည်း မဟုတ်ဘဲနဲ့ တခြား တခြားသော မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်မှုရှိတဲ့နိုင်ငံတွေပေါ့၊ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အားလုံးက ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိဖို့လိုတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ တချို့ တော်လှန်ရေးအင်အားစုတွေကို အိမ်နီးချင်းနိုင်ငံများအနေနဲ့ပေါ့-အတင်းအကြပ် ဖိအားပေးပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့တို့ ဒါမျိုးတွေလုပ်တာကတော့ အလုပ်မဖြစ်ဘူးဆိုတာကို ပြောချင်ပါတယ်။“
အာဆီယံရဲ့ မြန်မာ့အရေးကြိုးပမ်းမှုနဲ့ ထိုင်းအဆိုပြုချက်သစ်မျိုးလည်း အဖြေရှာနိုင်အောင် မသဉ္ဇာရွှန်းလဲ့ရည်ကလည်း အခုလို အကြံပြုပါတယ်။
“ဒီငါးချက်ကလည်း အမှန်အတိုင်းပြောရင် သူတို့တကယ်လိုက်လုပ်နိုင်တယ်ဆိုရင်တောင်- မလုပ်ရင် ဘာလုပ်မှာလဲ၊ မလုပ်ရင်နောက်ဆက်တွဲအကျိုးရလဒ်ဘာဖြစ်မှာလဲဆိုတဲ့ ပြစ်မှုပြစ်ဒဏ်၊ ဒါမှမဟုတ် accountability ပေါ့နော်၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ပတ်သက်ပြီး ဘာမှ မဖန်တီးထားတဲ့အတွက် ကြောင့်မို့ အခုလို အကြပ်အတည်းတွေ ကြုံနေရတာပေါ့နော်။ ဆိုတော့ နောက်လာမယ့် ထိုင်းနိုင်ငံကပဲ အဆိုပြုပြု၊ အိန္ဒိယကပဲအဆိုပြုပြု၊ မြန်မာပြည်အရေးကိုလုပ်ကြမယ် ဆိုတဲ့ ဘယ်လို Mechanism ပဲပေါ်ပေါ် ပေါ့နော်၊ အရေးကြီးတာကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ယန္တရားဖြေရှင်းချက်ဖြစ်ဖို့လိုသလို ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးစနစ်အသစ်ကိုဦးတည်တဲ့ လုပ်ရပ်ဖြစ်ဖို့လိုတယ်ပေါ့။”
ဒါ့အပြင် ဒီ မြန်မာ့အရေး အဖြေရှာနိုင်ရေး ဦးမိုးဇော်ဦးကလည်း အခုလို ဆက် အကြံပြုပါတယ်။
“မြန်မာ့အရေးနဲ့ပတ်သက်ရင် ရေတိုဖြေရှင်းမှုတွေကိုပဲ အာရုံစိုက်ပြီးကြိုးစားမယ်ဆိုရင်လည်း ဒါ အလုပ်မဖြစ်ပါဘူး။ ဒါက ရေရှည်တည်တဲ့ဖြေရှင်းမှုပုံစံမျိုးကိုလည်း အလေးထားဖို့လိုတယ်၊ ဥပမာအားဖြင့် ပြောရရင် စကစကနေပြီးတော့မှ အခုလက်ရှိအခြေအနေအတွက် ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲတခုကို ကျင်းပဖို့ ကြိုးစားနေတာပေါ့၊ ဒါမျိုးဆိုလို့ရှိရင် လုံးဝလက်ခံလို့မရပါဘူး။ အခု ရွေးကောက်ပွဲဆိုတာက အခုလက်ရှိ နိုင်ငံရေးပြဿနာကိုပြေလည်နိုင်တဲ့အဖြေမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ ရေရှည်ပြေလည်နိုင်ဖို့ အတွက်ဆိုရင် ကျနော်တို့ အားလုံးနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အခင်းအကျင်းတခုရောက်အောင် - စသဖြင့်ပေါ့လေ၊ ကျနော်တို့ ရေရှည်အတွက်ကို ဦးတည်ပြီးတော့ ကြိုးစားသင့်တယ်လို့ ပြောချင်ပါတယ်။
တချိန်တည်းမှာ အမေရိကန်ကလည်း မြန်မာ့အရေး ထိုင်းနဲ့ ပူးပေါင်းအဖြေရှာဖို့ ပြောထားပြီး ထိုင်းကလည်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားနဲ့ ပူးပေါင်းလုပ်ဖို့ပြောထားချိန်မှာ အခု ထိုင်းရဲ့ အဆိုပြုချက်သစ်က ဒီထိပ်သီးပွဲမတိုင်ခင် ဂျကာတာဆွေးနွေးပွဲမှာ ဝိုင်းအကြံပြုဆွေးနွေးခဲ့တာနဲ့လည်း ကိုက်ညီနေတယ်လို့ နီးစပ်သူတွေက ပြောနေပါတယ်ခင်ဗျာ။
Forum