သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းခေါင်းဆောင် Prayuth ကို ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်တင်မြှောက်


ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် Prayuth Chan-Ochan ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော်က မဲခွဲတင်မြှောက်လိုက်ပါပြီ။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း Prayuth ကို စစ်တပ်ခန့် အမတ်အများစုရှိတဲ့ အထက်လွှတ်တော်မဲ အားနဲ့ ခုလို တင်မြှောက်လိုက်တာကြောင့် မတ်လ ရွေးကောက်ပွဲ အပြီး ဒီမိုကရေစီ အစား စစ်တပ်နိုင်ငံရေး ပိုအားကောင်းလာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အတိုက်အခံအမတ် အများအပြား ရှိနေတဲ့ အောက်လွှတ်တော်ကြောင့် အုပ်ချုပ်ရ ခက်နိုင်တဲ့အကြောင်းVOA သတင်းထောက် Zsombor Peter သတင်းပိုထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။

ထိုင်းအာဏာသိမ်း စစ်ကောင်စီ အလိုကျ ရေးဆွဲထားတဲ့ ၂၀၁၇ ခုနှစ် ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အထက်လွှတ်တော် အမတ် ၂၅၀ လုံးကို စစ်တပ်က ခန့်ခဲ့ပြီး အောက်လွှတ်တော်မှာ ရွေးကောက်ပွဲက တဆင့် အမတ် ၅ ပုံ တပုံ ရထားတဲ့ စစ်တပ် ပါတီနဲ့ စစ်တပ် လက်ဝေခံ ပါတီတွေ ပေါင်းပြီး မဲအသာလေး ကပ်ကာ အခုလို ဝန်ကြီးချုပ် တင်မြှောက်နိုင်ခဲ့ကြတာပါ။ အရင် အာဏာသိမ်း ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ပါတီလို ကြီးမားတဲ့ ပါတီ အင်အားမျိုး လက်ရှိ ထိုင်းလွှတ်တော်ထဲမှာ မရှိအောင် စီမံ ထားတဲ့ ဒီ ထိုင်းဖွဲ့စည်းပုံ သတ်မှတ်ချက်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ ကြီးစိုးနိုင်တဲ့ ပါတီ မရှိဘဲ ပါတီ အငယ်တွေ အများကြီး စုနေတဲ့ အနေအထား ဖြစ်သွားပါတယ်။

စစ်တပ် ပါတီ Palang Pracharath ပါတီက ထောက်ခံပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prayuth ဝန်ကြီးချုပ် ဆက်ဖြစ်လာတဲ့ အပေါ် ထိုင်းနိုင်ငံ Naresuan တက္ကသိုလ်က နိုင်ငံရေး သိပ္ဗံ ပါမောက္ခ Paul Chambers က

“ခုလို တင်မြှောက်လိုက်တာကြောင့် ထိုင်းနိုင်ငံမှာ မစစ်မှန်တဲ့ ဒီမိုကရေစီ ပိုထွန်းကားဖို့ လမ်းဖွင့်ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။”

ဒါ့အပြင် Ubon Ratchathani တက္ကသိုလ်က နိုင်ငံရေး သိပ္ဗံ ပါမောက္ခချုပ် Titipol Phakdeewanich ကလည်း ...

“အခု ပို ပိုပြီးသေချာသွားတာကထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ အရေးပါတဲ့ ကဏ္ဍ ဆက်တည်ရှိသွားပြီးထိုင်းနိုင်ငံရေးကို စစ်တပ်က ကြီးစိုးတဲ့ အထိ ဖြစ်သွားတော့မှာပါ။”

ပါမောက္ခချုပ် Titipol ကဆက်ပြီး ထိုင်းနိုင်ငံဟာ စစ်တပ် အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်သွားပြီး လက်ရှိ အစိုးရကို ဆန့်ကျင်သူတွေဟာ အရင် ၅ နှစ်တုန်းကလိုဘဲ တရားစွဲ အရေးယူ ခံရဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး အဖွဲ့ကတော့ ဝန်ကြီးချုပ် Prayuth အစိုးရသစ်ကို စစ်တပ် လက်ဝေခံ ပါတီတွေက လူတွေနဲ့ပါ ပေါင်း ဖွဲ့အပြီးမှာ ဖျက်သိမ်းပေးကာ အရပ်သား ရွေးကောက်ခံ အစိုးရ အသွင်ပြောင်းလဲ ယူပေမယ့် ရုပ်ပြ သဘောဘဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ပါမောက္ခ Titipol ကလည်း

“ ထိုင်း အထက်လွှတ်တော် အနေနဲ့ ဒီမိုကရေစီ အတွက် အပြန်အလှန် ထိန်းကျောင်းပေးတာမျိုး လုပ်ပေးမှာ မဟုတ်ဘဲနိုင်ငံရေးမှာ စစ်တပ်က လုံးဝ ထိန်းချုပ်ထားနိုင်ရေး အတွက်သာ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပါမောက္ခ Paul Chambers ကလည်း ဖွဲ့စည်းပုံ အရ ပထမဆုံး ဝန်ကြီးချုပ် ရွေးခွင့်ကို စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်ကို ပေးလိုက်သလို ဥပဒေ ပြုရေးမှာလည်း အလားတူ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ ဝန်ကြီးချုပ် Prayuth အနေနဲ့ အရေးကြီးတဲ့ ဥပဒေကြမ်းတွေအတွက် မဲခွဲဖို့လိုလာရင် သူထိန်းချုပ်နိုင်တဲ့ အထက်လွှတ်တော်ကိုပါ မဲပေးခိုင်းပြီး တတ်နိုင်ရင်တော့ တည်ဆဲ ဘုရင့်အမိန့်တွေနဲ့ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း စစ်တပ်က ချမှတ်ထားတဲ့ ဥပဒေတွေကို အဓိက ကျင့်သုံးသွားမယ့် သဘော ရှိပါတယ်။”

တကယ်တော့ ဒီ ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အရ ရွေးကောက်ပွဲမှာ အရွေးမခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prayuth လိုမျိုး ဝန်ကြီးချုပ် ဖြစ်လာနိုင်သလို အတိုက်အခံပါတီ ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ Pheu Thai ပါတီ အပေါ် ကန့်သတ် ချုပ်ချယ်မှုတွေ ကလည်း အများအပြား ထည့်သွင်းထားပါတယ်။ အောက်လွှတ်တော်ထဲမှာ စစ်တပ် ပါတီက ဝန်ကြီးနေရာ ပေးမယ်လို့ ကတိပေးပြီး ပေါင်းဖွဲ့ထားတဲ့ ၁၉ ပါတီ မဟာမိတ် အနေနဲ့ လောလောဆယ်မှာ အနည်းငယ် အသာစီး ရထားပေမယ့် ရေရှည်မှာတော့ ပြသနာ တက်လာနိုင်တယ်လို့ ပါမောက္ခ Chambers က သုံးသပ်ပါတယ်။

“ အောက်လွှတ်တော်မှာတော့ အတိုက်အခံအမတ် အများအပြားရှိနေတာမို၊့လက်ရှိအစိုးရနဲ့ မဟာမိတ်လုပ်ထားတဲ့ အမတ်တချို့ခွဲထွက်သွားရင်တော့ အထက်လွှတ်တော် အသာမဲ အားကိုးပြီးဆက်ထိန်းချုပ်လို့ မရတော့တဲ့ အနေအထားကို ရောက်သွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။”

ပါမောက္ခ Chambers က ဆက်ပြီး ..

“ လက်ရှိစစ်ကောင်စီအနေနဲ့ နိုင်ငံရေးအာဏာကို ဆက်ယူသွားတဲ့ သဘော အခု ဆောင်နေပေမယ့် အတိုက်အခံအများအပြားလဲ လွှတ်တော်ထဲပါနေတာမို့တကယ်တမ်း အုပ်ချုပ်ရာမှာ ဒီလွှတ်တော်က ရွေးတဲ့ ဝန်ကြီးချုပ် အနေနဲ့အခက်အခဲတွေ မကြာခင်ကြုံလာရမှာပါ။”

အခုလို အချိန်မှာ ဝန်ကြီးချုပ် Prayuth အနေနဲ့ အရင် စစ်ကောင်စီ ဘဝတုန်းကလို အကြွင်းမဲ့ အာဏာ မရှိတော့ဘဲ ရွေးကောက်ပွဲ သဘာ၀ အရ တခြားပါတီတွေနဲ့ အာဏာကို မ ျှဝေကျင့်သုံးရတော့မှာပါလို့ သုံးသပ်သူ တချို့က ဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG