ထိုင်းနိုင်ငံ Rayong ခရိုင်အတွင်း မြန်မာအလုပ်သမားတဦးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား (၇) ဦးကို ထိုင်းရဲတွေက သံသယတရားခံတွေအဖြစ် ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းခြေရှိတဲ့ Rayong ခရိုင် Samnak Thong ၉စမ်နပ်ထောင်း)မြို့နယ်၊ Lak Chai Muang Yang (လပ်ချို င်း မောင်ရမ်) စက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတန်းလျားမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။ အသက် ၄၆ နှစ်အရွယ် မြန်မာအလုပ်သမားဖြစ်တဲ့စောနိုင်ဦးနဲ့ ဇနီးဖြစ်သူတို့ အိမ်ပျော်နေချိန်မှာ သေနတ်သမားနှစ်ယောက်က အခန်းထဲဝင်ပြီး သေနတ်နဲ့ ၈ ချက်ပစ်ခတ်သွားခဲ့တာကြောင့် စောနိုင်ဦးဟာ နေရာမှာပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အမှတ်၂ ဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ရရောင်းခရိုင် ရဲတပ်ဖွဲ့က သေနတ်သမားတွေ ထွက်ပြေးသွားတဲ့လမ်းကြောင်းတလျှောက်က စီစီတီဗီမှတ်တမ်းတွေနဲ့ လိုက်လံစစ်ဆေးခဲ့ပြီး ထွတ်ပြေးတိမ်းရှောင်နေသူတွေကို ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား (၇) ဦးကို ဘန်ကောက် မြို့နယ် နှစ်နေရာမှာ ဖမ်းဆီးခဲ့တယ်လို့ Labor Right Foundation ဥက္ကဋ္ဌဦးအောင်ကျော်က VOA ကို အခုလိုပြောပါတယ်။
"မတ်လ ၁၃ ရက်နေ့က ရရောင်းခရိုင်ဒေသမှာရှိတဲ့ မြန်မာအလုပ်သမားတဦးပေါ့ သူနံမည်ကနိုင်ဦးလို့ခေါ်တယ်။ အသက် ၄၆ နှစ်အရွယ်၊ နိုင်ဦးလို့အမည်ရတဲ့သူက သူဇနီးနဲ့အိပ်ပျော်တုန်းမှာ ပစ်သတ်သွားတယ်။ သူ့ဇနီးကိုတော့ မပစ်သွားဘူး။ အမျိုးသား သူ့ကိုတော့ ပစ်သွားတယ်။ မြန်မာအချင်းချင်းဖြစ်လို့ လူသတ်မှုဖြစ်လို့သံသယရှိသူတွေကို ထိုင်းရဲတပ်ဖွဲ့က သက်ဆိုင်ရာ
စီစီတီဗီကနေတဆင့် လိုက်လံရှာဖွေရာမှာ နောက်ယောင်ခံလိုက်တဲ့အခါမှာ တရားခံပုန်းအောင်းနေတဲ့သူတွေကို သိရှိသွားပြီး သံသယရှိသူအဖြစ် လူ ၇ ဦးကိုဖမ်းမိသွားတယ်လို့သိရပါတယ်။"
လူသတ်မှုနဲ့ စတင်ဖမ်းခံရတဲ့သူတွေကတော့ မြန်မာနိုင်ငံသား ကိုမောင်နဲ့ ကို ဖြိုး ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံသေနတ်အတိုနဲ့အသုံးပြုခဲ့တဲ့ ကားတစီးကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာလည်းဖေါ်ပြကြပါတယ်။ မတ်လ ၁၂ ရက်နေ့ည၊ ၁၃ ရက်နေ့အကူး မနက်အစောပိုင်း ၂ နာရီအချိန်မှာ အလုပ်သမားတန်းလျားမှာ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ကလူတချို့ကတော့ ပစ်ခတ်ခဲ့သူတွေကိုစောင့်ပေးနေတယ်လို့ ဦးအောင်ကျော်ကဆက်ပြောပြပါတယ်။
"အခင်းဖြစ်ပွားတာကတော့ မတ်လ ၁၃ ကနေဖြစ်ပေမယ့် မတ်လ ၁၆- ၁၇ ကျမှ နောက်ယောင်ခံလိုက်တာ ပုန်းအောင်းတဲ့နေရာမှာတွေ့ရှိပြီးဖမ်းဆီးလိုက်တာပါ။ ကားအနက်ရောင်နဲ့သွားတာ။ အဲဒီကားသွားတဲ့နေရာကို CCTV ကနေ အဆုံးထိလိုက်တော့ နောက်ဆုံးမှာ သူတို့ပုန်းအောင်းတဲ့နေရာကိုတွေ့ရှိပြီး ဖမ်းလိုက်တာဖြစ်တယ်လို့ ထိုင်းရဲကထုတ်ပြန်ခဲ့ပါတယ်။"
အမှတ် ၂ ဒေသ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား (၇) ဦးထွက်ဆိုတာကတော့ သူတို့ဟာ သေဆုံးသူစောနိုင်ဦးနဲ့ ငွေကြေးဆိုင်ရာ ပြဿနာကြောင့် သတ်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။ ဖမ်းမိသူတွေကို Bang Khun (ဘန်ခဲ) ရဲစခန်းနဲ့ Samnak Thong (စနပ်ထောင်) ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုအပြင် လက်နက်ကိုင်ဆောင်မှု၊ သေနတ်နဲ့ပစ်မှုတွေနဲ့ တရားစွဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Forum