သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဟိုတယ်မှာသေဆုံးသူ ဗီယက်နမ်နွယ်ဖွား ၆ ဦး အဆိပ်ခပ်ခံထားရ


နိုင်ငံခြားသား ၆ ဦးသေဆုံးခဲ့ရတဲ့အကြောင်းကို ဘန်ကောက်မြို့ လုမ္ပဏီရဲဌာနမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရရှိထားတဲ့ သက်သေများပြသနေစဉ် (ဇူလိုင် ၁၇၊ ၂၀၂၄)
နိုင်ငံခြားသား ၆ ဦးသေဆုံးခဲ့ရတဲ့အကြောင်းကို ဘန်ကောက်မြို့ လုမ္ပဏီရဲဌာနမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရရှိထားတဲ့ သက်သေများပြသနေစဉ် (ဇူလိုင် ၁၇၊ ၂၀၂၄)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အဆင့်မြင့်ဟိုတယ်တခုအတွင်း ဗီယက်နမ်နွယ်ဖွား ၆ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ (Cyanide) ဆိုင်ယာနိုက်အဆိပ်ခပ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ကနဦး ခွဲစိတ် စစ်ဆေးမှုတွေအရ သိရှိရကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။ ရင်းနှီးမြုပ်နှံမှုအတူလုပ်ကြရာက သဘောထားကွဲပြားမှုဖြစ်ပြီး လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ ၆ ဦးဟာ ဗီယက်နမ်-အမေရိကန် ၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၄ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့အလောင်းတွေကိုတော့ မနေ့ အင်္ဂါနေ့က ဘန်ကောက်မြို့လယ် လူစည်ကားပြီး ဈေးဝယ်စင်တာတွေ၊ အစိုးရရုံးတွေနဲ့ နီးစပ်တဲ့ အထင်ကရ Grand Hyatt ဟိုတယ်အတွင်းမှာ တွေ့ရှိခဲ့တာပါ။

သေဆုံးသူတွေရဲ့အခန်းအတွင်းတွေ့ရတဲ့ အစားအစာများ (ရဲမှတ်တမ်း) ဇူလိုင် ၁၆၊ ၂၀၂၄
သေဆုံးသူတွေရဲ့အခန်းအတွင်းတွေ့ရတဲ့ အစားအစာများ (ရဲမှတ်တမ်း) ဇူလိုင် ၁၆၊ ၂၀၂၄


တနင်္လာနေ့ နေ့လည်ပိုင်းက သူတို့အခန်းကို စားစရာတွေ လာပို့တဲ့အချိန်အထိ သူတို့တွေ အသက်ရှင်လျှက်ရှိနေသေးတာကို တွေ့ခဲ့ရကြောင်း၊ သူတို့ထဲက အမျိုးသမီးတဦးက စားစရာတွေကို လက်ခံ ရရှိပြီးတဲ့နောက်မှာ ကျန်တဲ့လူတွေလည်း တယောက်ပြီးတယောက် ရောက်ခဲ့တာကို လုံခြုံရေးကင်မရာတွေက တဆင့် တွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့အခန်းကို တခြားလူ ဘယ်သူမှ လာတာကို မတွေ့ရသလို သူတို့အခန်းတံခါးလည်း အထဲကနေ ပိတ်ထားတယ်လို့ ဆိုပါတယ်။

သူတို့ အခန်းကနေ ထွက်ပေးရမယ့်အချိန်ကျော်တဲ့အထိ မထွက်ကြသေးတာကြောင့် ဟိုတယ်ဝန်ထမ်းက အင်္ဂါနေ့ နေ့လည်ပိုင်းမှာ သွားရောက် အသိပေးတဲ့အချိန်မှာ ၆ ယောက်စလုံး သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

သူတို့ သေဆုံးတဲ့အမှုနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ဗီယက်နမ် အစိုးရတွေကို အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ထိုင်ဝန်ကြီးချုပ် Srettha Thavisin က ပြောကြားပြီး စုံစမ်းဖို့အတွက် အမေရိကန် ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI က တာဝန်ရှိသူတွေ ထိုင်းကိုလာနေပြီလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG