ဘန်ကောက်ဧရာဝဏ်ဟော်တယ်မှာ နိုင်ငံခြားသား ၆ ဦး သေဆုံးနေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် အဆင့်မြင့် Grand Hyatt ဧရာဝဏ် ဟော်တယ်ကြီးထဲမှာ ဗီယက်နမ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား ၄ ယောက်၊ စုစုပေါင်း ၆ ယောက်သေဆုံးနေတာကို တွေ့ရတဲ့အကြောင်း ထိုင်းရဲတွေက ပြောပါတယ်။
ငါးယောက်က အခန်းထဲမှာ သေဆုံးနေတာဖြစ်ပြီး၊ တယောက်က အခန်းအပြင်ဘက်မှာ သေဆုံးနေတာလို့ အမည်မဖေါ်လိုတဲ့ ထိုင်းရဲ အရာရှိက ပြောပါတယ်။သေဆုံးသူတွေဟာ ပါးစပ်မှာ အမြုပ်တွေထွက်နေပြီး အဆိပ်မိတာ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်နေပေမဲ့ ထိုင်းရဲတွေက အသေးစိတ်ထုတ်ဖေါ် အတည်မပြုသေးပါဘူး။ ပစ်ခတ်ခံရတာ မဟုတ်ဘူးလို့တော့ ငြင်းဆိုပါတယ်။ သေဆုံးနေတာကို တွေ့တဲ့အတွက် ဒီနေ့ နေ့ခင်းပိုင်းမှာ ဟော်တယ်ဝန်ထမ်းက ရဲတွေဆီ အကြောင်းကြားခဲ့ပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေ အလာများဖို့၊ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းအောင်မြင်အောင် မြှင့်တင်နေတဲ့ ထိုင်းနိုင်ငံမှာ အခုလို နိုင်ငံခြားသားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းကြောင့် လုပ်ငန်းထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ ဗီယက်နမ်သံရုံးနဲ့ အမေရိကန်သံရုံးကလည်း သဘောထားတစုံတရာ ပြောဆိုခြင်းမရှိပါဘူး။
အခင်းဖြစ်ပွားနေတဲ့ ထိုင်း ဝန်ကြီးချုပ် Srettha Thavisin ကိုယ်တိုင် သွားရောက်ပေမဲ့ တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိပါဘူး။
Forum