သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်ထွက်ပြေးတဲ့ စစ်သားတွေ ပြန်ပို့ဖို့ ထိုင်းပြင်ဆင်


ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ် (မတ် ၁၉၊ ၂၀၂၄) Photo - CJ
ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ် (မတ် ၁၉၊ ၂၀၂၄) Photo - CJ

KNLA/ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ ဖူ့ချိမူ တပ်စခန်းကနေ ထွက်ပြေးတဲ့ မြန်မာစစ်တပ်က စစ်သားတွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ မေလ ၁၉ ရက်က KNU တပ်မဟာ ၆ တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးတဲ့ စစ်သားတွေဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံပိုင် ပိုင်ခလန်ကျေးရွာထဲကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ယောက်ကို ထိုင်းအဏာပိုင်က မဲဆောက်ကနေတဆင့် မြန်မာဘက်ကို လွှဲပြောင်းပေးဖို့အတွက် စီစဉ်နေပါတယ်။ KNU တပ်မဟာ ၆ တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ မေလ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ထွက်ပြေးလာကြတဲ့ စစ်သားတွေဖြစ်ပါတယ်။

ဒုတပ်ရင်းမှူးနဲ့ တပ်သား ၄၀ ကျော်ကတော့ KNLA/PDF ပူးပေါင်းတပ်တွေဆီမှာ လက်နက်ချခဲ့ပေမယ့် တချို့ကတော့ ထိုင်းဘက်ထဲကို ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလန်ကျေးရွာထဲရောက်လာတဲ့ မြန်မာစစ်တပ်က စစ်သားတွေကို ထိုင်းအာဏာပိုင်တွေက မေလ ၂၃ ရက်နေ့က ခေါ်သွားတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

"သူတို့စခန်းကျပြီးတဲ့အချိန်ပထမဦးဆုံးကတော့ နှစ်ယောက် လောက်ဝင်လာတယ်။ နောက်ရက်တွေကျတော့ ၁၀ ယောက် ၁၅ယောက် အယောက်နဲ့ လူ၂၀ကျော်လောက်ဝင်လာတယ် သူတို့မှာကတော့ လက်နက်ပါတဲ့လူရှိတယ်။ လက်နက် မပါတဲ့လူရှိတယ်။ အဲဒီလူအားလုံးကိုတော့ကျနော်တို့ရွာဘက်မှ မထားတော့ပဲ မဲဆောက်ဘက်ခြမ်း ထိုင်းစစ်တပ်က ခေါ်သွားတယ် မဲဆောက်ဘက်ကို ပို့လိုက်တယ်"

စစ်ကောင်စီရဲ့ခြေလျင်တပ်ရင်း (ခလရ) ၅၅၇၊ ၃၃၉၊ ၃၁၁ တပ်ဖွဲ့ဝင်များဖြစ်ပြီး သူတို့ဟာ ထွက်ပြေးရာ လမ်းတလျောက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် ရွာသား ၄ ဦးကိုလည်းသတ်ဖြတ်သွားခဲ့တယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းဘက်က ပြောဆိုထားပါတယ်။

သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူ တာဝန်ခံမှုရှိစေဖို့အတွက် ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာလက်ကို ပြန်လွှဲမပေးဖို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ဒီနေ့မေလ ၂၄ ရက်နေ့မှာပဲ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

KNU ဘက်ကတော့ ဖူ့ချီမူစခန်းက မြန်မာစစ်သား ၄၀ ကျော် သူတို့ဆီကို လက်နက်ချထားတယ်လို့ အတည်ပြုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) တပ်တွေတပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာရှိသလို၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတာကြောင့် စစ်တပ်ရဲ့ အခြေစိုက်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။

ကျိုက်ဒုံ တပ်စခန်းမှာတော့ ဗျုဟာမူး အပါအဝင် တပ်သား ၆၀ ကျော်က လက်နက်ချ အလံဖြူထောင်ပြီး အညံ့ခဲ့သလို တချို့ တပ်စခန်းက စစ်သားတွေကတော့ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲကို မတ်လ ၁၉ရက်နေ့ကတကြိမ်၊ မတ်လ ၂၁ ရက် မနက်ပိုင်းက တကြိမ် ထွက်ပြေးခဲ့ပါတယ်။ ပထမတကြိမ်က ၄၈ ယောက်ဖြစ်ပြီး ဒုတိယတကြိမ်က ၇၂ ယောက်ဖြစ်ပါတယ်။ အဲဒီလိုထိုင်းဘက် ထွက်ပြေးကြတဲ့အထဲက မေလ ၁၉ ရက်နေ့ ကနေစပြီး ဖူ့ချီမူတပ်စခန်းက ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၃၁ ယောက်ရှိပြီး သူတို့ကိုတော့ထိုင်းအာဏာပိုင်တွေကနေရပ်ပြန်ပို့နိုင်ရေး စီစဉ်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲကသတင်းတွေမှာတော့ မြန်မာစစ်သားတွေကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာဘက်ကို ပြန်ပို့မယ်လို့ သိရကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ရေးသားဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG