သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့တွေ ထိုင်းနိုင်ငံမှာ ဖိအားပေးခံရ


မြန်မာအလုပ်သမားကိုငွေလိမ်လည်ခဲ့တဲ့ အကျိုးဆောင်ကုမ္ပဏီကို AAC အဖွဲ့က မြန်မာအလုပ်သမားတွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - AAC)
မြန်မာအလုပ်သမားကိုငွေလိမ်လည်ခဲ့တဲ့ အကျိုးဆောင်ကုမ္ပဏီကို AAC အဖွဲ့က မြန်မာအလုပ်သမားတွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - AAC)

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေကို တရားဝင်မှတ်ပုံတင်ဖို့ ထိုင်းအာဏာပိုင်တွေ မကြာသေးခင်ကပဲ အကြောင်းကြားထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တရားဝင်မှတ်ပုံတင် မထားရင် အရေးယူဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။ ထိုင်းအခြေစိုက် မြန်မာအဖွဲ့အစည်းတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

မြန်မာအဖွဲ့အစည်းတွေရဲ့ ဥပဒေနဲ့မညီတဲ့ကိစ္စတွေကို စောင့်ကြည့်၊ အရေးယူဖို့အတွက် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီလ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ပြီး အခုလို စတင် စစ်ဆေး၊ မေးမြန်းလာနေပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေကို တရားဝင် မှတ်ပုံတင်ဖို့ ထိုင်းအာဏာပိုင်တွေဘက်က ဖိအားပေးလာတာပါ။

ဆယ်နှစ်နီးပါး မြန်မာအလုပ်သမားအရေးကိုလုပ်နေတဲ့ ဘန်ကောက်မြို့ မဟာချိုင်မှာရှိတဲ့ အလုပ်သမား မဟာမိတ် AAC ကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖိအားပေးပြီး ပိတ်ခိုင်းနေပါတယ်။ အကြောင်းကတော့ မြန်မာအလုပ်သမားတွေကို တရားမဝင်လက်ခံစောင့်ရှောက်တာကြောင့်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က တုံ့ပြန်ထားတဲ့အကြောင်း AAC တာဝန်ရှိသူတွေက ပြောပါတယ်။ AAC ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုရဲမင်းကတော့ AAC ဟာ တရားမဝင် လက်ခံတာမဟုတ်ဘဲ အမှန်တကယ် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို စောင့်ရှောက်ထားတာ ဖြစ်ကြောင်း VOA ကို ပြောပါတယ်။

"လက်ရှိ ရှိနေတဲ့ အလုပ်သမားတွေကို ဧည့်စာရင်းမတိုင်ဘူးဆိုတဲ့ ဥပဒေတွေနဲ့ အရေးယူတာ။ ဒဏ်ရိုက် တာမျိုးတွေ လုပ်တာပေါ့။ အလုပ်သမား ၁၀၀ လောက် အခုလက်ရှိ နေနေတဲ့သူတွေက လုပ်ငန်းခွင် ထဲမှာ ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့သူတွေ၊ သူဌေးက လျော်ကြေးမပေးလို့ အမှုရင်ဆိုင်နေသူတွေ၊ MoU နဲ့ခေါ်လာပြီး ထိုင်းထဲမှာ အလုပ်မရသေးသူတွေ၊ အလုပ်မရဘဲ ခေါ်သွင်းလာပြီး တွေ့ရာနေရာ တခုမှာ သွားပစ်ထားတယ်။ အခန်းပိုင်ရှင်ကလည်း မောင်းချ နေစရာမရှိ။ မြန်မာအေဂျင်စီ၊ ထိုင်းအေဂျင်စီတွေကလည်း တာဝန်မယူတဲ့ အလုပ်သမာမျိုးတွေ ခိုလှုံနေတာပေါ့။ မြန်မာသံရုံး စစ်အုပ်စုဘက်ကလည်း ကျနော်တို့ဂေဟာကို မကျေနပ်ဘူး၊ မျက်စောင်းထိုးနေတယ်။ ဖျက်စီးချင်နေ တယ်။ ဒါ မြန်မာသံရုံးရဲ့ တိုင်ကြားမှုတွေလည်း ပါတယ်ပေါ့။"

တပြိုင်နက်တည်းမှာပဲ အခြား အလုပ်သမားရေး အကူအညီပေးနေတဲ့အဖွဲ့တွေကိုလည်း ထိုင်းတာဝန်ရှိသူတွေက တာရားဝင်မှတ်ပုံတင်ဖို့ ဒီရက်ပိုင်း ဖိအားပေးလာပါတယ်။ မြန်မာအဖွဲ့အစည်းတွေက အရင်ကတည်းက မှတ်ပုံတင်ကြပေမဲ့ ထိုင်းအစိုးရက မှတ်ပုံတင်ခွင့်ကို မပေးတာဖြစ်ကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

"အလုပ်သမားအရေး လူမှုကူညီရေးအဖွဲ့တွေပေါ့ တော်တော်များများ ဖိအားပေးခံလာရမယ်။ ဘာလို့ ဆိုတော့ တရားမဝင်တဲ့ အလုပ်သမားတွေကို လက်ခံထားတဲ့အပိုင်းပေါ့။ နောက်ပြီး ထိုင်းနိုင်ငံမှာက မာဖီးယားဆိုပြီးတော့လည်း သူတို့တွေဘက်က ထည့်ထားတာတွေလည်း ကြားတယ်ပေါ့။ အဲဒီအတွက် လူမှုကူညီပေးရေးအဖွဲ့တွေမှာ သူတို့ အခွန်ဆောင်သလားပေါ့၊ တရားဝင်လားပေါ့၊ သူတို့အဲလို စစ်ဆေးမယ်။ တရားမဝင်အဖွဲ့အစည်းတွေဆိုရင်တော့ ဖျက်သိမ်းမယ်။ ထိုင်းနိုင်ငံမှာ ဆက်လက်ပြီး တော့ ဒါကို မဖွဲ့စည်းဖို့ ဒါကို စစ်ဆေးမယ်လို့ ပို့ထားတဲ့စာတွေကို ကြားမိပါတယ်ခင်ဗျ။"

ထိုင်းနိုင်ငံအတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကို မှတ်ပုံတင်ဖို့နဲ့ ကန့်သတ်ဖို့ ထိုင်းအစိုးရဘက်က ဖိအားပေးလာတဲ့ ခြေလှမ်းတွေကြောင့် ဒါဟာ စိုးရိမ်ရတယ်ဆိုပြီး ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးခဲ့ပါတယ်။ ဒီလို ကန့်သတ်တဲ့အတွက် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာတဲ့သူတွေအတွက် အခက်အခဲတွေ ပိုပြီး တွေ့လာစေနိုင် တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းအစိုးရက နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ်မှာလည်း ထိုင်းအာဏာပိုင်တွေ ဖိအားပေးတင်းကြပ်လာတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG