သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်လောင်းကစားမှုနဲ့ ဖမ်းဆီးခံရသူ ညှဥ်းပန်းခံရတဲ့သတင်း ထိုင်းငြင်းဆန်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကလောင်ပရမ် အကျဥ်းထောင်မှာ ထောင်စစ်ဆေးချိန် ပုံစံထိုင်နေကြတဲ့ အကျဥ်းသားတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇူလိုင် ၁၂၊ ၂၀၁၆)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကလောင်ပရမ် အကျဥ်းထောင်မှာ ထောင်စစ်ဆေးချိန် ပုံစံထိုင်နေကြတဲ့ အကျဥ်းသားတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇူလိုင် ၁၂၊ ၂၀၁၆)

အရှေ့တောင်အာရှတိုက်အတွင်း တရားမဝင်လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တဦးကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။

အဲဒီလူဟာ တရုတ်နိုင်ငံကို ပြန်ပို့မခံရ အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။​

သူ့အနေနဲ့ ထိုင်းအကျဉ်းထောင်အတွင်း နှိပ်စက်ခံရတဲ့အတွက် မတ်တပ်မရပ်နိုင်တော့အထိအပါအဝင် လူမဆန်တဲ့ ပြုမူဆက်ဆံခြင်း ခံခဲ့ရကြောင်း အဲဒီ အဖမ်းခံထားရသူ She Zhijiang (ရှီ ကျိကျန်) ရဲ့ရှေ့နေက နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ထံပေးပို့တဲ့စာကို ရိုက်တာ သတင်းဌာနက တွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက သူ့အပေါ် ပြုမူ ဆက်ဆံပုံဟာ တခြား အကျဉ်းသားတွေနည်းတူ ဥပဒေအကျိုးဆောင်နဲ့ တွေ့ဆုံခွင့်ပေးတာပါ ပါဝင်ကြောင်း ထိုင်း တရားရေးဝန်ကြီး Tawnee Sodsong (တောနီ ဆိုဆောင်း) က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။​ အကျဉ်းသားတွေကို နှိပ်စက် အနိုင်ကျင့် တာတွေကို ဟန့်တားနိုင်ဖို့ ကင်မရာတွေတပ်ဆင်ထားကြောင်းလည်း ဝန်ကြီး Tawnee (တောနီ) က ပြောပါတယ်။​

ဒါပေမယ့် အကျဉ်းကျနေတဲ့ She Zhijiang (ရှီ ကျိကျန်) ထံ တရုတ်သံရုံးကအရာရှိတွေ လာရောက်ပြီး သူ့ဆန္ဒမပါဘဲ တရုတ်ပြည်ကို အတင်းအကျပ်ပြန်ပို့ဖို့ ကြိုးပမ်းခဲ့တယ်လို့ သူ့ရှေ့နေက နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ ပို့ခဲ့တယ်ဆိုတဲ့ စာကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီး Tawnee (တောနီ) က တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

တရုတ်အစိုးရရဲ့ အလိုရှိမှုနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက် ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံ၊​ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ She Zhijiang (ရှီ ကျိကျန်) ကတော့ သူ့ကို နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။​ သူ့ကို တရုတ်နိုင်ငံပြန်ပို့ဖို့ ထိုင်း တရားရုံးက ၂၀၂၃ ခုနှစ်မှာ အမိန့်ချမှတ်ထားပေမယ့် တရုတ်နိုင်ငံ ပြန်မပို့ရေးအတွက် သူ့ဘက်က အယူခံဝင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG