သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းနဲ့ ဆက်နွယ်သူအဖြစ် မသင်္ကာသူ ထိုင်းရဲအရာရှိ ၂ ဦး စစ်ဆေးခံရ


ထိုင်းနဲ့နယ်စပ် မြန်မာနိုင်ငံဘက်က မြဝတီခရိုင် ရွှေကုက္ကိုအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အတင်းအဓမ္မခိုင်းစေခံရ ညှဥ်းပန်းနှိပ်စက်ခံရတဲ့ နိုင်ငံခြားသားများ။ (ဓာတ်ပုံ-Courtesy)
ထိုင်းနဲ့နယ်စပ် မြန်မာနိုင်ငံဘက်က မြဝတီခရိုင် ရွှေကုက္ကိုအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အတင်းအဓမ္မခိုင်းစေခံရ ညှဥ်းပန်းနှိပ်စက်ခံရတဲ့ နိုင်ငံခြားသားများ။ (ဓာတ်ပုံ-Courtesy)

မြန်မာနိုင်ငံဘက်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး လူမှောင်ခိုကူးရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ထိုင်း အဆင့်မြင့်ရဲအရာရှိ နှစ်ဦးကို Tak ပြည်နယ်ကနေ ဘန်ကောက်ကို ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ထိုင်းရဲဗိုလ်ချုပ် Ekkarat Intasueb နဲ့ Samrit Aimkamol တို့ကို ဘန်ကောက် ရဲဌာနချုပ်ကို ချက်ချင်းလာရောက်ဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဆင့်ခေါ်လိုက်တာပါ။

အသက် ၅၃ နှစ်အရွယ် ရဲဗိုလ်ချုပ် Ekkarat Intasueb ဟာ Tak အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်တချို့ကို ကြီးကြပ်တဲ့ ရဲဌာနယာယီအကြီးအကဲဖြစ်ခဲ့သူပါ။ သူဟာ မြန်မာ ထိုင်းနယ်စပ် တလျှောက် Tak ခရိုင်မှာ အလွန် လူသိများသူတဦးဖြစ်ပြီး မဲဆောက်ခရိုင် ရဲအကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။

Ekkarat မှာ သူပိုင်မြေ ၂ ဧကပေါ်မှာ ဆောက်လုပ်ထားတဲ့ စံအိမ်ကြီးရှိပြီး ရေတံခွန်နဲ့ဂေါက်ကွင်းလည်း ဖန်တီးထားပါတယ်။ ဒါပေမယ့် သူကတော့ မဲဆောက်ရဲအကြီးအကဲအတွက် ပေးထားတဲ့အိမ်မှာပဲ နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

မဲဆောက်မြို့တဘက်ကမ်း စောချစ်သူဦးဆောင်တဲ့ အရင် စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ် ကြီးစိုးရာ မြဝတီက ကျားဖြန့်လုပ်ငန်းတွေနဲ့ ထိုင်းရဲဗိုလ်ချုပ် Ekkarat တို့ကြား ဆက်စပ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းရဲဗိုလ်ချုပ်ကြီး Kittharath က ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို ဒုတိယ ကော်မရှင်နာမင်းကြီး ရဲဗိုလ်ချုပ် Charoonkiat Pankaew ကို တာဝန်ပေးထားပါတယ်။

ထိုင်းရဲဗိုလ်ချုပ် Samrit ဟာ Tak ပြည်နယ်အတွင်း မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ဒေသ အခြေစိုက် ရဲဌာနအကြီးအကဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေဖို့ မဲဆောက်၊ မဲရမတ်နဲ့ ဖုတ်ဖရ ခရိုင်တွေကနေ နိုင်ငံခြားသားတွေကို လူမှောင်ခိုကူးရာမှာ ပါဝင် ပတ်သက်နိုင်တယ်ဆိုပြီး အမှတ် ၆ ဒေသ ရဲတပ်ဖွဲ့ ကသူ့အပေါ် စုံစမ်းစစ်ဆေးမှာပါ။

ထိုင်းနိုင်ငံနေတဆင့် တရုတ်နိုင်ငံသား အများအပြားအပါအဝင် နိုင်ငံခြားသားအချို့ လူမှောင်ခိုကူးခံရပြီး အထူးသဖြင့် စောချစ်သူထိန်းချုပ်တဲ့နယ်မြေမှာ ညှဉ်းပမ်းနှိပ်စက်ခံ အလုပ်စေခိုင်းခံရတဲ့သတင်းတွေ၊ ဖမ်းဆီးသွားသူတချို့ကို ထိုင်းရဲတွေက လိုက်လံကယ်တင်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်လာပြီးမှာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ကျားဖြန့်လုပ်ငန်းတွေအပေါ် အကြီးအကျယ် စတင် နှိမ်နင်းလာတာပါ။

မကြာခင်ကလည်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra တရုတ်နိုင်ငံကိုသွားရောက်စဉ်မှာ ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်တာကြောင့်ဆိုပြီး တရုတ်သမ္မတ Xi Jinping က ချီးကျူး ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG