သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံပြည်ဝင်ခွင့်ဗီဇာနဲ့နေထိုင်ခွင့်သက်တမ်းများ ဖြေလျှော့


Thai visa
Thai visa

ထိုင်းနိုင်ငံရဲ့စီးပွားရေးအတွက် အဓိကကျတဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ နိုင်ငံတကာက ခရီးသွားတွေ၊ အလုပ်လုပ်ကိုင်မယ့်သူတွေ၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးတာ၊ ဖြေလျော့တာတွေအပြင် ဗီဇာအသစ်ဖြစ်တဲ့ ၅ နှစ်အထိ နေထိုင်ခွင့်ရမယ့် Destination Visa (DTV) အသစ်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ အခု ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့ ဗီဇာအသစ်နဲ့ ဖြေလျော့မှုတွေဟာ မြန်မာအပါအဝင် နိုင်ငံခြားသားတွေအတွက် အကျိုးရှိတယ်လို့ ယူဆနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရက နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားသားတွေကို ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုထားရာကနေ နောက်ထပ်တိုးပြီး ၉၃ နိုင်ငံအထိ ဇွန်လ ၁ ရက်ေန့ကစပြီး တိုးပေးတော့မှာ ဖြစ်ပါတယ်။ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမယ့်နိုင်ငံတွေကိုလည်း ထပ်တိုးသွားမယ်လို့ ထိုင်းအစိုးရက ပြောဆိုထားတာပါ။

အငြိမ်းစားနေထိုင်လိုသူ ပင်စင်စားဗီဇာအတွက် ဖြေလျော့မှုလည်း ပေးမှာဖြစ်သလို ထိုင်းနိုင်ငံထဲမှာ ကျောင်းလာတက်သူတွေကိုလည်း ဘွဲ့ရပြီး တနှစ် ထပ်မံ နေထိုင်ခွင့်ပြုမယ်လို့ ပြောထားပါတယ်။ ဒီထဲမှာ ဗီဇာအသစ်ဖြစ်တဲ့ ၅ နှစ်အထိ ဗီဇာနေထိုင် ခွင့်ရမယ့် Destination Visa (DTV) အသစ်လည်း ပါဝင်ပါတယ်။

Destination Visa ကို လျှောက်ထားနိုင်သူတွေကတော့ ပညာအရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေ၊ ဒစ်ဂျစ်တယ် ပညာရှင်တွေ၊ ထိုင်းမှာလာနေထိုင်ပြီး နိုင်ငံခြားကအလုပ်တွေကို အွန်လိုင်းကနေ လုပ်ကိုင်သူတွေ၊ Freelancer လို့ခေါ်တဲ့ ကျဘမ်း အလွတ်လုပ်ကိုင်သူတွေ၊ ထိုင်းရိုးရာလက်ဝှေ့ မွေထိုင်း သင်တန်းတက်သူတွေ၊ ထိုင်းဟင်းချက်နည်း သင်တန်းတက်သူတွေ၊
တခြား အားကစားသင်တန်းတက်သူတွေ၊ ဆေးကုသသူတွေ၊ နိုင်ငံတော်အဆင့် အစည်းအဝေး တက်ရောက်သူတွေ၊ အနုပညာနဲ့ ဂီတပွဲတော် လာရောက်သူတွေ၊ အဲဒီ DTV ဗီဇာရထားသူတွေရဲ့ ဇနီးနဲ့ခင်ပွန်းတို့ရဲ့ အသက် ၂၀ နှစ်အောက် သားသမီးတွေလည်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံထဲကို တရားဝင်လာဖို့ အခွင့်အလန်းတွေ ပိုများသွားတယ်လို့ အလည်ဗီဇာနဲ့လာသူ လူငယ်တဦးဖြစ်တဲ့ ကိုဟိန်းက ပြောပါတယ်။

"အလုပ်လုပ်မယ့်သူတွေအတွက်ဆိုရင် ဟိုတယ်တွေမှာ လုပ်မယ့်သူတွေ၊ ရှက်ဖ် (Chef) တွေ ဘာတွေအတွက်ဆိုရင် အဓိက ခေါ်ထားတယ်။ သူတို့ထဲမှာရေးထားတာက သူတို့နိုင်ငံက အဓိက အားကစားတွေဖြစ်တဲ့ လက်ဝှေ့ (မွေထိုင်း)ကို သင်ယူနေတဲ့သူတွေ၊ မွေထိုင်းကို တတ်မြောက်တဲ့သူတွေက အဲဒီဗီဇာကိုလျှောက်လို့ရတယ်ပေါ့။ ပညာရှင်နဲ့ အလုပ်လုပ်မယ့်သူတွေ၊ ကျောင်းတက်မယ့်သူတွေအတွက်ကတော့ အဆင်ပြေနိုင်တယ်။ ပညာရှင်တွေ ပိုများလာစေချင်တာလည်းပါတယ်။ သူတို့ ထိုင်းနိုင်ငံကို ပိုတိုးတက်စေချင်တာလည်း ပါမယ်လို့ ယူဆရပါတယ်။"

Destination Thailand Visa (DTV) ရဲ့သက်တမ်းကတော့ တကြိမ်ကို ရက်ပေါင်း ၁၈၀ ဖြစ်ပြီး လနဲ့ဆို ၆ လသက်တမ်းရမှာဖြစ်ပါတယ်။ သက်တမ်းတခါတိုးရင် ဘတ်ငွေ တသောင်းကုန်ကျမှာဖြစ်ပြီး ၅ နှစ်အထိ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ်တက်နေတဲ့ မာစတာကျောင်းသား ကိုအောင်အောင်ကတော့ ကျောင်းပြီးပြီးချင်း တနှစ်နေထိုင်ဖို့ ဗီဇာထုတ်ပေးမယ်ဆိုတာဟာ အလုပ်လုပ်ကိုင်မဲ့ ကျောင်းသားပဲဖြစ်ဖြစ်၊ ကျောင်းဆက်တက်မယ့် ကျောင်းသားတွေပဲဖြစ်ဖြစ် ဒီဗီဇာဖြေလျှော့ပေးတာကြောင့် အဆင်ပြေသွားတယ်လို့ ပြောပါတယ်။

"ကျောင်းပြီးသွားရင် အရင်တုန်းကတော့ ကိုယ့်နိုင်ငံပြန်ပြီး ဗီဇာတခုခုနဲ့ လာပြီးမှ အလုပ်ပြန်ရှာရတာကို လုပ်ခဲ့ရတယ်။အခုအခြေအနေမျိုးကျတော့ အလုပ်ရှာတဲ့အခါ အခွင့်အလန်းပိုများသွားမယ်။ ဒီမှာ တနှစ်စောင့်ပြီးတော့ မာစတာတက်ဖို့လုပ်တာတို့၊ အလုပ်ရှာဖို့တို့အတွက် ကျောင်းသားတွေအတွက် ပိုမို အခွင့်အလန်း ပိုများသွားမယ်။"

ထိုင်းနိုင်ငံက အခုလို ဗီဇာအသစ်တွေ ထပ်ပြီးအတည်ပြုတာ၊ ဖြေလျော့ပေးတာတွေဟာ တရားမဝင် ဝင်ရောက်မှုတွေမဖြစ်အောင် လျှော့ချပေးပုံရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ဦးအောင်ကျော်က ဆိုပါတယ်။

"ထိုင်းဘက်ကကြည့်ရင် သူ့နိုင်ငံထဲကို အကြောင်းအမျိုးမျိုးကြောင့်၊ စစ်ဘေးဒဏ်ကြောင့်၊ အိုးတွေအိမ်တွေ မီးသင့်လို့၊ နေစရာမရှိလို့ ထွက်ပြေးလာကြတဲ့အခါ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တရားမဝင် နယ်စပ်လမ်းတွေကနေ ထွက်ပြေးလာတာ၊ လူကုန်ကူးမှုအသွင်ဖြစ်နေတာကို ထိန်းသိမ်းချင်တဲ့အတွက် ဗီဇာဖွင့်ပေးလိုက်တာဖြစ်လို့ ကြိုဆိုပါတယ်။"

ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက်ကော ကိုဗစ်ကာလကစပြီး ကျဆင်းခဲ့တဲ့ ထိုင်းစီးပွားရေးကို နလံထူနိုင်ဖို့အတွက်ရော အခုလို ဗီဇာဖြေလျော့တာတွေအပြင် ဗီဇာအသစ်တွေ ထုတ်ပေးဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဒီနှစ် ဇန်နဝါရီကနေ မေလ ၂၆ ရက်အထိ ကမ္ဘာလှည့်ခရီးသွား ၁၄.၃ သန်း ဝင်ရောက်ခဲ့ပြီး တနှစ်တာအတွင်း နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု သန်း ၄၀ အထိ စံချိန်တင်ရောက်လာဖို့ ရည်မှန်းထားပြီး၊ ဝင်ငွေ ဘတ် ၃.၅ ထရီလီယံ (ဒေါ်လာအားဖြင့် ၉၅.၇၃ ဘီလီယံ) ရဖို့လည်း ရည်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG