သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၂၆ ဦး ပိတ်လှောင်ထားတဲ့ လူမှောင်ခိုအဖွဲ့ ချင်းမိုင်ရဲအလိုရှိ


သင်္ကြန်အပြီး ထိုင်းကို ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
သင်္ကြန်အပြီး ထိုင်းကို ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား (၂၆) ဦးကို နှစ်ရက်ကြာ ပိတ်လှောင်ထားတဲ့ ခြံတခြံ အတွင်းကနေ ဖမ်မိခဲ့ပြီး သူတို့ကို ခေါ်လာတဲ့ လူမှောင်ခို အဖွဲ့နဲ့ ခြံပိုင်ရှင်ကို ချင်းမိုင် ရဲတပ်ဖွဲ့က ရှာဖွေမူတွေ လုပ်နေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်နိုင်ငံ မြောက်ပိုင် ချင်းမိုင် ခရိုင် ဆန်ဆိုင်း မြို့နယ်အတွင်းက သစ်သီးခြံ တစ်ခြံအတွင်းက ကုန်လှောင်ရုံ အခန်းငယ်ထဲမှာ မြန်မာနိုင်ငံသား ၂၆ ဦးဟာ အပြင်ကနေ သော့ခတ်ပြီး နှစ်ရက်ကြာ ပိတ်လှောင် ခံထားရတာပါ။ဒီနေရာကတော့ လူမှောင်ခိုသမားတွေရဲ့ တထောက်နား နေရာ ဖြစ်တာကြောင့် ချင်းမိုင် လူဝင်မူကြီးကြပ်ရေး တပ်ဖွဲဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မေလ(၇) ရက်နေ့ နေ့လည်ပိုင်းက အဲဒီနေရာကို ရှာဖွေတွေ့ရှိ သွားကြတာ ဖြစ်ပါတယ်။

အထောက်အထား စာရွတ်စာတမ်း ကိုင်ဆောင်ထားတာ မရှိကြတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး (၁၅) ဦး၊ အမျိုးသား (၁၁) ဦးဟာ ပိတ်လှောင်ခံထားရတဲ့ အခန်းထဲမှာပဲ အပူချိန်ပြင်းတဲ့ ရာသီဥတုကို မခံနိုင်လို့ တချို့ဟာ မူးေ၀ အော့အန်ပြီး ချွေးထွက်လွန်မောပန်းနေကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံသား တွေကို ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ကနေ လူမှောင်ခို သမားတွေဟာ ကုန်တင်ကားတွေနဲ့ ခေါ်လာခဲ့ကြတာ ဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေက ထွက်ဆိုကြပါတယ်။ အဲဒီကနေ တဆင့် ဘန်ကောက်အထိ ခေါ်ဆောင်သွားမှာ ဖြစ်ပြီး ယခုနေရာဟာ နောက်ထပ် လာခေါ်မယ့် လူမှောင်ခိုသမားတွေကို စောင့်နေကြတာလို့ ဆိုပါတယ်။

လူကုန်ကူးမူတွေနဲ့ ပတ်သက်လို့ ပညာပေးမှုတွေ လုပ်နေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ အခုလို ပြောပါတယ်။

“ ထိုင်းနိုင်ငံမှာရှိတဲ့ လူတွေ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ အပေါင်းအသင်းတွေဆီက အကျိုးအကြောင်းတွေကို ကြားရတယ်။ ဟုတ်တဲ့အကြောင်းကော၊ မဟုတ်တဲ့ အကြောင်းကော ကြားရတယ် ဒီမှာက။ နေရ ထိုင်းရတာ လွတ်လပ်တယ် စားရသောက်ရတယ် ဆိုပြီး လာကြတာပဲ။ လာတဲ့အခါမှာ အားကျပြီးတော့တော်ရုံတန်ရုံ ပညာအခြေခံ နည်းတဲ့သူတွေက လာကြတာပဲ။ ထိစပ်နေတဲ့ ထိုင်းနယ်စပ် တလေ ျှာက် နယ်နိမိတ်ကြီးက အရှည်ကြီး ကျယ်တော့ တရားမဝင် ခိုးဝင်ဖို့က လွယ်ကူတယ်။ တရားဝင်လာဖို့အတွက် MOU စနစ်က ရှိပေမဲ့ အဲဒါ လုပ်ဖို့အတွက်ငွေကြေးကုန်ကျမှုတွေ များတော့ တရားဝင်သွားဖို့ အဟန့်အတားတွေ ဖြစ်နေတာပေါ့။ ”

ပိတ်လှောင်ခံရတဲ့ မြန်မာတွေနဲ့ ပတ်သက်လို့ ချင်းမိုင် လဝက ဦးစီးအရာရှိ Komen Suparp ကိုမန် ဆူဖတ် ပြောဆိုသွားတာကတော့ တရားမဝင် မြန်မာနိုင်ငံသားတွေကို ပိတ်လှောင်ထားတဲ့ ခြံပိုင်ရှင်နဲ့လူကုန်ကူးမှုမှာ ပတ်သက်နေတဲ့ လူမှောင်ခို ဂိုဏ်းဝင်တွေကို ဆက်လက် ဖေါ်ထုတ် အရေးယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်ဟာ မြန်မာနိုင်ငံသားတွေ အများဆုံး လာရောက် အလုပ်လုပ်ကိုင ်နေကြတဲ့ ဒေသဖြစ်ပါတယ်။

ချင်းမိုင်မြို့မှာတင် တရားဝင် လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ နှစ်သိန်းကျော် ရှိနေတာပါ။ ချင်းမိုင် ခရိုင်မှာတော့ ရှမ်းပြည်နယ်က လာတဲ့သူ အများဆုံး ဖြစ်ပြီး အလုပ်လုပ်နေကြသူတွေဟာ ရှမ်းမျိုးနွယ်စုဝင်တွေ များပါတယ်။ ထိုင်းနိုင်ငံ ထဲမှာတေ့ာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း လာရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG