မြန်မာနိုင်ငံကူး လက်မှတ်တွေမှာ ဗီဇာတုံး အတုတွေ လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသား ပွဲစားတဦးကို နိုင်ငံကူး လက်မှတ်တွေ၊ ထိုင်း - မြန်မာ တံဆိပ် အတုတုံး ၂၀ ကျော်နဲ့ အတူ ထိုင်း လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ နကော်ဖနုံ ခရိုင် စန်ဖန်မြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား အသက် ၄၀ အရွယ် မျိုးထွေးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့က မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးကြောင်း ထိုင်း လဝက အရာရှိတွေက မတ်လ ၁၁ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
“ မျိုးထွေးနေထိုင်နေတဲ့ အခန်းတွင်း စစ်ဆေးရာမှာတော့ သက်သေခံ ထိုင်း မြန်မာ တံဆိပ်တုံး အတုပေါင်း ၂၀ ကျော်၊ ဗီဇာတုံး အတု ထုပြီးသား မြန်မာနိုင်ငံကူး စာအုပ်တွေ အပြင် မြန်မာနိုင်ငံကူး စာအုပ် အသစ်တွေကိုပါ ဖမ်းမိခဲ့တာပါ။ ဒါ့အပြင် အလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပေးတဲ့ စာအုပ်တွေကိုပါ တွေ့ရှိခဲ့ကြောင်း ဘန်ကောက်မှာ လုပ်တဲ့ ထိုင်း လဝက ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်သွားပါတယ်။ ”
အခုလို ဖမ်းဆီးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံသားတွေရဲ့ တိုင်ကြားချက်အရ ဖြစ်ပြီး ဗီဇာ အတုလုပ်နေတဲ့ ပွဲစား တရားခံ မျိုးထွေးဟာ ထိုင်းနိုင်ငံ အတွင်း နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူး စာအုပ် ပတ်စ်ပို့ ဗီဇာ သက်တမ်းကုန်တဲ့ အခါ သံရုံးကို သွားစရာ မလိုဘဲ သူကနေ တဆင့် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒီဗီဇာတုံး အတုတွေကို ကိုင်ဆောင်ထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်း လဝက ရုံးမှာ ရက် ၉၀ - ၃ လ တကြိမ် သက်တမ်းတိုးရတာတွေ၊ လက်မှတ်ထိုးရတာတွေ လုပ်ရပါတယ်။
အဲဒီအချိန်မှာ သက်ဆိုင်ရာ ဝန်ထမ်းတွေ စစ်ဆေးတဲ့ အခါမှ အတုတွေမှန်း သိသွားပြီး မြန်မာနိုင်ငံသားတွေ ဗီဇာတုံး အတုမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ ဗီဇာတုံး အတုတွေနဲ့ လုပ်ပေးနေတဲ့ ပွဲစားကို ဖမ်းဆီးခဲ့ပုံကို လဝက အရာရှိ ဆူရချေဟတ်ဖန်က ပြောခဲ့ပါတယ်။
ဗီဇာတုံးအတုတွေလို သင်္ကာမကင်းဖြစ်နေကြတဲ့ မြန်မာနိုင်ငံသား (၆)ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို အကြောင်းကြား တိုင်ကြားခဲ့ပြီးတဲ့နောက် သံရုံး အရာရှိတွေရဲ့ တောင်းဆိုတင်ပြချက် အရ ထိုင်းလဝကက ဒီအမှုကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ဗီဇာတုံး အတုတွေ ဆိုတာ စစ်ဆေးတွေ့ရှိပြီးတဲ့ နောက် ဆက်လက် ဖော်ထုတ်ခဲ့တာပါ။ ဒီနောက် တရားခံ ဗီဇာပွဲစားကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တုံး အတုလုပ်သူ မျိုးထွေးကို ဖမ်းဆီးနိုင်တဲ့ အပြင် နောက် တရားခံ တဦး ဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် ကိုကျော် ဆိုသူကိုလည်း စမုစခွန်း ခရိုင်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဗီဇာပွဲစားတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူး စာအုပ်မှာ ထိုင်းဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် Work Permit စာအုပ်တွေ အတွက် မြန်မာငွေ ၁၂ သိန်း၊ ဘတ်ငွေ ၂ သောင်းခွဲ အထိ အခကြေးငွေယူပြီး လုပ်ပေးနေတာပါ။ အခုဆိုရင်တော့ ဗီဇာ အတုတွေနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်ကနေ စတင်ပြီး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာဟာ အမှု ၄ မှု နီးပါး ရှိပြီ ဖြစ်ပါတယ်။