၂၀၁၁ နောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲကို မတ်လ ၂၄ ရက် တနင်္ဂနွေနေ့မှာ ကျင်းပတော့မှာ ဖြစ်ပြီး ထိုင်းပြည်သူတွေ ကတော့ ထိုင်းနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေး အတွက် မဲပေးဖို့ ပြင်နေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ထိုင်းစစ်တပ် အကြီးအကဲ Prayut Chan-o-cha ကလည်း ဒီရွေးကောက်ပွဲကနေ သူအနိုင်ရရင် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲ ဖေါ်ဆောင်ပေးမယ်လို့ မဲဆွယ်မှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို မတ်လ ၂၄ ရက်မှာ ကျင်းပပေးမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ Ittiporn Boonpracors က ဒီနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကတော့ ဒီရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင် သူ့ရဲ့ စစ်အစိုးရ ဦးဆောင်တဲ့ ထိုင်းနိုင်ငံကို ပြည်သူတွေက ဒီမိုကရေစီ နိုင်ငံအဖြစ် ဖေါ်ဆောင်ပေးတဲ့ အနေထားဖြစ်လာမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ် Prayut ရဲ့အနေထားက ပြည်ပမှာ ခိုလှုံနေတဲ့ Shinawatra မိသားစုဟာ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု တခုဖြစ်နေပြီး ဒီမိသားစုကို ထောက်ခံသူတွေ သူ့ဘက်ပါလာအောင် သူဘယ်လောက် လုပ်နိုင်မယ် ဆိုတဲ့အပေါ် မူတည်နေပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီး Prayut ဝန်ကြီးချုပ်ရာထူး ပြန်မရနိုင်ဘူးလို့ ယူဆကြသူက သိပ်နည်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကို အရပ်သားအစိုးရ ဖွဲ့စည်းရေးမှာ အစဉ်အလာ မရှိခဲ့တဲ့ လုပ်ပိုင်ခွင့် ပေးထားသလို အတိုက်အခံ ပါတီတွေ ဆိုတာ ကလည်း စစ်အာဏာသိမ်းမှု အောက်မှာ ၅ နှစ်ကြာ တင်းကြပ်စွာ အုပ်ချုပ်မှုကို ခံခဲ့ရတာမို့ စစ်တပ်အတွက်က အခြေနေ သိပ်ကောင်း နေတာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် Abhisit Vejjajiva ကတော့ ဒီအချိန်ဟာ အာဏာရှင် သံသရာ လည်နေတဲ့ ထိုင်းနိုင်ငံအတွက် ပြောင်းလဲဖို့ အခွင့်အလမ်းတခုလို့ ဗုဒ္ဓဟူးနေ့မှာ AP သတင်းဌာနကို ပြောပါတယ်။
“နိုင်ငံ့အတွက် အရေးအကြီးဆုံး ကတော့ အာဏာရှင် စနစ်နဲ့ အဂတိလိုက်စားတဲ့ အစိုးရတွေ လက်ထဲ သံသရာ လည်နေတာကို အဆုံးသတ် ပေးဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအတွက် စီးပွါးရေး လျှင်လျှင်မြန်မြန် ပြန်အားကောင်း လာစေဖို့နဲ့ အနာဂတ်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင်ဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။”
Abhisit ရဲ့ ဒီမိုကရက်ပါတီ၊ Pheu Thai ပါတီနဲ့ Future Forward အပါအဝင် စစ်အစိုးရ ဆန့်ကျင်တဲ့ ပါတီတွေ ပူးပေါင်းပြီး အမတ်နေရာ ၁၆၀ လောက် အနိုင်ရနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
ဒါပမယ့် အမေရိကန် အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကော်မတီကတော့ ထိုင်းနိုင်ငံရဲ့ တနင်္ဂနွေ ရွေးကောက်ပွဲမှာ ဘာရလဒ်ပဲ ရရ ထိုင်းနိုင်ငံရေး တင်းမာမှု အနေထားကိုတော့ ပြေလျော့ဖို့ ဖြစ်မလာနိုင်ဘူးလို့ မကြာသေးခင်ကဘဲ သုံးသပ်ခဲ့ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံက မဲဆန္ဒရှင် ၅၂ သန်းဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် မဲပေးကြမှာ ဖြစ်သလို၊ အမတ်နေရာ ၃၅၀ က တိုက်ရိုက် ရွေးကောက်မှာ ဖြစ်ပြီး ကျန်နေရာ ၁၅၀ က လူထုကြိုက်တဲ့ ပါတီကို ရွေးချယ်ကြမှာပါ။ အထက်လွှတ်တော်က အမတ်နေရာ ၂၅၀ အတွက် ကတော့ ထိုင်းစစ်တပ်ကပဲ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီး Prayut နဲ့ သူ့ရဲ့ Phalang Pracharat ပါတီအတွက် အားသာချက်ပါ။ နောက်တက်လာမယ့် ဝန်ကြီးချုပ် အသစ်ဟာ လွှတ်တော် ၂ ရပ်စလုံးက ရွေးချယ်မှာ ဖြစ်ပြီး သူ့အနေနဲ့ အမတ်နေရာ ၁၂၆ နေရာပဲ ထပ်ရဖို့ လိုတာဖြစ်ပြီး တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ဆိုရင်တော့ အမတ်နေရာ ၃၇၆ နေရာ လိုအပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီပေါင်း ၈၀ လောက်က ကိုယ်စားလှယ်လောင်း တသောင်း ကျော် ပါဝင်ယှဉ်ပြိုင်ကြမယ့် ဒီရွေးကောက်ပွဲမှာ Phalang Pracharat ပါတီ အနေနဲ့ Ruam Palang Prachachat ထိုင်းပါတီ နဲ့ ပြည်သူ့ ပြုပြင်ပြောင်းလဲရေး ပါတီ တို့နဲ့ မဟာမိတ်ဖွဲ့ နိုင်တဲ့ အနေထားရှိနေပါတယ်။
Shinawatra မိသားစုနဲ့ အကျွမ်းဝင်တဲ့ Thai Raksa Chart ပါတီကိုလည်း ထိုင်းမင်းသမီး Ubolratana Mahidol ကို ဝန်ကြီးချုပ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် စေခဲ့တဲ့ အတွက် ပါတီ အဖျက်သိမ်း ခံခဲ့ရတာပါ။
ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာချိန်က Prayut ကိုယ်တိုင် ဝင်အရွေးခံဖို့ စီစဉ်တဲ့အပြင် ရွေးကောက်ပွဲ အတွက် တနှစ်ပတ်လုံး သူကိုယ်တိုင် မဲဆွယ်ခဲ့ပြီး တခြား ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုခဲ့တဲ့ အတွက် သူပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားရာ ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တခြားနိုင်ငံရေး အင်အားစုတွေ ကိုပါ စမဲဆွယ်ဖို့ ခွင့်ပြုခဲ့တာကြောင့် အခြေနေဟာ ထူးခြားလာတယ်လို့လည်း ပြောပါတယ်။
၂၀၁၉ ထိုင်းရွေးကောက်ပွဲ အလားအလာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံခြား သတင်းထောက်များ အသင်း FCCT မှာ ပြုလုပ်ခဲ့ပြီး ဒီရွေးကောက်ပွဲဟာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောသူကတော့ ထိုင်းနိုင်ငံရဲ့သမိုင်း စာအုပ်ကို ပူးတွဲရေးသားသူ Chris Baker ဖြစ်ပါတယ်။
“ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုထွက်လာမလဲ ဆိုတာကို ပြောဖို့ခက်ရတဲ့ အကြောင်းက အရင် ရွေးကောက်ပွဲ ကျင်းပခဲ့တာက ၈ နှစ် ရှိသွားပြီ။ မဲဆန္ဒရှင် အသစ်က ၇ သန်း ရှိတယ်။ လွန်ခဲ့တဲ့ ၅ နှစ် စစ်တပ် အာဏာသိမ်းခဲ့စဉ် အတွင်း နိုင်ငံရေး ဆွေးနွေးမှုတွေ ကလည်း သိပ်ကို နည်းခဲ့ပါတယ်။ အခု ရွေးကောက်ပွဲ အတွက် လူထုသဘောထား စစ်တမ်း ကောက်ခံမှုတွေ အနှံ့လုပ်နေတာ တွေ့ရပေမယ့် ဒီစစ်တမ်းနဲ့ ပတ်သက်လို့က ကမ္ဘာတဝှမ်းမှာလည်း သိတဲ့အတိုင်းပဲ စိတ်မချရပါဘူး။ စစ်တမ်းမှာ ပြောတဲ့ သူ အနည်းဆုံး ထက်ဝက်လောက်က ဘယ်သူ့ကို မဲပေးမယ် ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဖြေကြတယ်။ ဒါက သူတို့ ဘယ်သူ့ကို မဲပေးမယ် ဆိုတာကို ထုတ် မပြောချင်လို့ ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲ မဲပေးရာမှာ စိတ်ခံစားချက် အရ မဲပေးကြဖို့ များပြီး စဉ်းစားသုံးသပ်ပြီး မဲပေးတာမျိုးက နည်းလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”
ရွေးကောက်ပွဲမှာ အစိုးရဝန်ထမ်းတွေ ဝင်ရောက် ယှဉ်ပြိုင်မှုကို တားမြစ်ထားတဲ့ အတွက် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က Prayut ကို အစိုးရဝန်ထမ်း အဖြစ်က ပယ်ဖျက်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ်ကစပြီး စစ်တပ်အာဏာသိမ်းမှု အနည်းဆုံး ၁၃ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။