သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆွေးနွေးပွဲတွေ ကြားဝင်စီစဉ်ဖို့ ထိုင်းအစိုးရ ပြင်ဆင်


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree

မြန်မာနိုင်ငံရဲ့အကြပ်အတည်းနဲ့ ပဋိပက္ခကို အဖြေရှာရေး စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် ကမကထလုပ် ကြားဝင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေတဲ့အကြောင်း ဒီနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးပါတယ်။ တချိန်တည်းမှာ ဘေးဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှုအကူအညီ ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဒီအစီအစဉ်ကိုသိတဲ့ စစ်တပ်သတင်းရပ်ကွက်ရဲ့ပြောဆိုချက်ကို ကိုးကား ဖေါ်ပြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဘယ်လို စီစဉ်မယ်ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် ဖေါ်ပြမထားပါဘူး။

မြန်မာနိုင်ငံအတွင်းပဋိပက္ခတွေ ဆက်ပြီး ကြီးထွားလာနေတာနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ဟာ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara နဲ့ ထိုင်းစစ်တပ်ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် ထိုင်းနိုင်ငံအပေါ် အကြီးအကျယ် ရိုက်ခတ်လာမှာကို ဆွေးနွေးခဲ့တာလို့လည်း သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စစ်တပ်နဲ့ ညှိနှိုင်းသွားမှာဖြစ်ပြီး ထိုင်းစစ်တပ်ကလည်း လိုအပ်သလို ပံ့ပိုးသွားမယ်လို့ ထိုင်းစစ်တပ်ဘက်က ပြောပါတယ်။ မြန်မာနိုင်ငံသားဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးဌာနတွေ နယ်စပ်မှာဖွင့်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree က ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က လုပ်ငန်းအဖွဲ့စေလွှတ်ပြီး အသေးစိတ် ဆွေးနွေးတာကို စောင့်ဆိုင်းနေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုကို သတိထား စောင့်ကြည့်ဖို့ပြောဆိုနေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးမှာ စစ်ကောင်စီနဲ့ တိုက်ရိုက် ဆက်ဆံတာမျိုးထက် အကူအညီပေးရေးအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG