သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာအလုပ်သမား တနေ့အနိမ့်ဆုံးလုပ်အားခတိုးမြှင့်


Myanmar migrants workers in Thailand
Myanmar migrants workers in Thailand

ထိုင်းနိုင်ငံအတွင်း ခရိုင်ပေါင်း ၇၇ခုမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာကနေ တနေ့အနိမ့်ဆုံးလုပ်အားခကို ဒီဇင်ဘာလ၈ရက်နေ့က ပြင်ဆင်သတ်မှတ်ပေးလိုက်ပါတယ်။ အရင်ကသတ်မှတ်ထားတဲ့ တနေ့လုပ်အားခ ၃၀၀ကျော်ရရှိရာကနေ အဲဒီလုပ်အားခကို အနည်းဆုံး ၂ဘတ်ကနေ အများဆုံး ၁၆ဘတ်ထိ ထပ်တိုးပေးလိုက်တာပါ။ ဒီလုပ်အားခထပ်တိုးတာဟာ လာမယ့် ၂၀၂၄ ဇန်နဝါရီလ ၁ရက်နေ့ကစပြီး စတင်အသက်ဝင်မှာဖြစ်ပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်း မူလ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ်၃၀၀ ကျော်ရှိထားတာကို ၊ နေရာဒေသအလိုက် အနိမ့်ဆုံးလုပ်အားခတွေ ထပ်တိုးပေးလိုက်တာပါ။ ခရိုင်အလိုက် တနေ့လုပ်အားခ ၃၀၀ကျော်ရရှိကနေ၊ နောက်ထပ် တနေ့ ၂ဘတ် ကနေ အမြင့်ဆုံး ၁၆ဘတ်ထိ တိုးမြှင့်ပေးလိုက်တာလို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။

“အနိမ့်ဆုံး လုပ်အားခနှုံးတားတွေကို ၂ဘတ်ကနေ ၁၆ဘတ်ထိတိုးမြှင့်ပေးမှာဖြစ်တယ်။ အနှိမ့်ဆုံးလုပ်အားခ ၂ဘတ် တိုးတာကို စပြောမယ်ဆိုရင် ထိုင်းတောင်ပိုင်း မငြိမ်သက်မူ့တွေနဲ့ ဗုံးမကြာခဏကွဲတဲ့ အန္တရယ်ဇုံအဖြစ်သတ်မှတ်ထားတဲ့ နာရာသီ၀ ပတ်တနီ နဲ့ ရလားကို တော့ ၂ဘတ်ပဲတိုးတယ်။ အဲဒီတော့ အမြင့်ဆုံးတိုးတဲ့ ၁၆ဘတ်ကတော့ ဖူးခက် ထိုင်းနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အပမ်းဖြေလုပ်ငန်းတွေ၊ ထိုင်နိုင်ငံရဲ့စီးပွားရေးကိုအကျိုးပြုနေတဲ့ ဖူးခက်ကတော့ ၁၆ဘတ်ထိတိုးမယ်၊ ၃၅၄ဘတ်ကနေ ၃၇၀ထိ တိုးသွားမယ်၊ ဘန်ကောက်ပတ်ဝန်းကျင် ထိုင်းအလည်ပိုင်း နွံထဘူရီ နကွန်ပထုံ ဆာမွတ်ပရာကန် ဆာမွတ်ဆာခွန်း အရင် ၅၃၃ဘတ်ရရာကနေ ၂၀၂၄ကျရင် ၁၀ဘတ်တိုးမယ်၊အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်ရေးချိုးဖောက်ဆုံး မဲဆောက် တာ့ခရိုင်ထဲမှာတော့ လက်ရှိရနေတဲ့ ၃၃၂ကနေ ၅ဘတ်ကနေ ၁၃အတွင်းတိုးမယ်ဆိုတော့ဘယ်လိုလာအုန်းမယ်မသိဘူး။”

ထိုင်းနိုင်ငံ အလုပ်သမာရေးလှုပ်ရှားဆောင်ရွက်နေသူတွေကတော့ အနည်းဆုံးတနေ့လုပ်အားခကို ၄၀၀ကျော်ကနေ ၆၀၀လောက်အထိ တိုးမြှင့်ပေးဖို့တောင်းဆိုနေကြတာပါ ။ အခုဆိုရင် တနေ့လုပ်အားခတိုးတာဟာလုံလုံလောက်လောက်ဖြစ်အောင်တိုးတာမဟုတ်ပဲ တိုးတယ်ဆိုရုံလောက်သာရှိတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“ပြောမယ်ဆိုရင်တနေ့လုပ်အားခတိုးလာနဲ့ ကုန်စျေးနှုံးကလည်းမျဉ်းပြိုင်လိုလိုက်တိုးနေတာပဲ၊ ထိုင်းဝန်ကြီးချုပ်ပြောသလိုပဲ ကြက်ဥတလုံး ၂ဘတ်မရတော့တဲ့ခေတ်မှာ ထိုင်းတောင်ပိုင်း ပတ်တနီ နာရာသီ၀ ရလား ခရိုင်တို့မှာ ၂ဘတ်ပဲတိုးတာမဖြစ်သင့်ဘူးလို့ ထိုင်းဝန်ကြီးချုပ်တောင်ထုတ်ပြောနေရတယ်။ အဲဒါကုန်စျေးနှုန်းနဲ့အညီလုံလုံလောက်လောက်တိုးတာမဟုတ်ဘူးလေ။”

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာတော့ ဥပဒေပါ တနေ့လုပ်အားခကိုပေးတဲ့ စက်ရုံ အလုပ်ဆိုဒ်တွေကနည်းပါးပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစစ်ရေးပဋိပက္ခတွေကြောင့် အထောက်အထားမဲ့တွေ အများအပြားဝင်ရောက်လာတဲ့ကာလမှာဆိုရင် ဥပဒေပါတနေ့ လုပ်အားခတွေ မပေးတဲ့အပြင် လုပ်အားခတွေကို ပေးဖို့အချိန်ဆွဲနေတာတွေကိုပါ ကြုံရတယ်လို့ မဲဆောက်မြို့ မြန်မာအလုပ်သမားတဦးကလည်း ပြောပါတယ်။

“အလုပ်မရှိတဲ့အခါကျတော့ ဘယ်စျေးနဲ့ဖြစ်ဖြစ် မတန်ဘူးဆိုတာလည်းသိတယ် ဒါပေမယ့် လုံးလုံးမရှိတာနဲ့စာရင် စားဖို့သောက်ဖို့လေးပဲရနေရင်တော်ပြီဆိုပြီးလုပ်နေကြတာတွေလည်းရှိတယ်၊ တချို့ဆိုဒ်တွေကျတော့ပုံမှန်လုပ်အားခကိုမရှင်းပေးဘူး အဲဒါတွေကိုလည်းကြုံနေရတယ်။”

ဥပဒေပါလုပ်အားခအတိုင်းမပေးတဲ့ အလုပ်ဆိုဒ်တွေများလာပြီး အလုပ်တွေကလည်း ပုံမှန်မရှိတာတွေ လုပ်အားခကို အနိုင်ကျင့်ပြီး မပေးတာတွေ လည်း အများအပြားကြုံနေရတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ (Department of employment) DOE ရဲ့၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့ စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရားဝင်ရွှေ့ပြောင်းအလုပ်သမားက စုစုပေါင်း သုံးသန်းနီးပါးရှိပြီး ဒီထဲမှာမြန်မာက တသန်းခွဲကျော်ရှိပါတယ် ။ ဒါပေမယ့် အထောက်အထားမဲ့ မြန်မာတွေကတော့ တရားဝင်စာရင်းထက် ၂ဆလောက်ပို များနေတာပါ။ဒီလိုအထောက်အထားမဲ့တွေဟာ တနေ့လုပ်အားခကို ရသလောက်နဲ့အလုပ်လုပ်ကိုင်နေရတယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG