သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ ၁၆ နိုင်ငံက လုပ်သားတသိန်းခွဲကျော် တောင်ကိုရီးယားခေါ်ယူမည်


တောင်ကိိုရီးယားနိုင်ငံကို ထွက်ခွါဖို့ ပြင်ဆင်နေတဲ့ လာအိုအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
တောင်ကိိုရီးယားနိုင်ငံကို ထွက်ခွါဖို့ ပြင်ဆင်နေတဲ့ လာအိုအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

လာမယ့်နှစ်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ကျွမ်းကျင်လုပ်သားတွေ တသိန်းခွဲကျော် ငှားရမ်းခေါ်ယူသွားမယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီအထဲ မြန်မာနိုင်ငံသားတွေကို ကုန်ထုတ်လုပ်ငန်းတွေမှာ အများအပြား ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ကိုးရီးယားလုပ်ငန်းခွင် မွမ်းမံသင်တန်းကျောင်းတချို့က ပြောပါတယ်။ ရန်ကုန် ပေးပို့တဲ့သတင်း မသိင်္ဂီထိုက်ကတင်ပြပေးထားပါတယ်။

ပြည်ပက ကျွမ်းကျင်လုပ်သားတွေကို တိုးခေါ်လာနေတဲ့ တောင်ကိုရီးယားအစိုးရဟာ လာမဲ့ ၂၀၂၄ အတွက် ပြည်ပလုပ်သားအင်အား တသိန်းခွဲကျော် ခေါ်ယူသွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်က ထုတ်ပြန်ထားတာပါ။ နိုင်ငံပေါင်း ၁၆ နိုင်ငံက လုပ်သားတွေကို မျှခေါ်တာဖြစ်ပေမယ် ပြီးခဲ့တဲ့နှစ်ကတော့ ကုန်ထုတ်လုပ်ငန်းအတွက် မြန်မာနိုင်ငံသားတွေကို လျာထားတဲ့အရေအတွက်ထက် ပိုပြီးခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားအများစုက ကုန်ထုတ်လုပ်ငန်းပိုင်းမှာ ကျွမ်းကျင်တာဖြစ်လို့ အခု ၂၀၂၄ မှာလည်း ဒီအတွက် တိုးပြီးခေါ်နိုင်ခြေရှိကြောင်း EPS စာမေးပွဲ ဘာသာစကား မွမ်းမံသင်တန်းကျောင်းက ဦးမင်းမောင်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ အတွက် ပြည်ပလုပ်သား တသိန်းကျော် ခေါ်ယူခဲ့တဲ့ တောင်ကိုရီးယားဟာ ကုန်ထုတ်လုပ်ငန်းခွင်အတွက် မြန်မာနိုင်ငံသား ၁၅,၀၀၀ လောက် ခေါ်ယူခဲ့ကြောင်း ပြောပါတယ်။

"မနှစ်ကဆိုရင် ကုန်ထုတ်လုပ်ငန်းအတွက်က ခေါ်ထားတာထက် နှစ်ဆ တိုးသွားတာပေါ့။ တသောင်းခွဲကြီးများတောင် ဖြစ်သွားတာ။ သူတို့ကတော့ ကိုဗစ်တုန်းက နားတယ်လို့မရှိဘဲနဲ့ ကိုဗစ်ကတည်းက၏လုပ်ငန်းကလည်တော့ ကိုဗစ်ပြီးလာတော့ လုပ်သားလိုအပ်ချက် ပိုများလာတယ်။ ကုန်ထုတ်လုပ်ငန်းမှာက မြန်မာကလည်း နာမည်ရတယ်လို့လည်း အတိုင်းအတာတခု ရှိတာပေါ့။ ကုန်ထုတ်က အဓိက အိုတီလည်းရှိတော့ ကြိုးကြိုးစားစား လုပ်ကြတယ်။ မြန်မာကလုပ်သားက ကြိုးစားလုပ်လေ ကိုရီးယား အလုပ်ရှင်တွေက ပိုသဘောကျတာပေါ့။ အဲလိုသဘောကျပြီး တိုးခေါ်ပေးတာပေါ့။ အဲဒီတော့ ဒီဘက်နှစ်လည်း ကျနော်တို့ မျှော်လင့်တာပေါ့နော်။"

တောင်ကိုရီးယားနိုင်ငံက EPS (Employment Permit System) စာမေးပွဲနဲ့ နှစ်တိုင်းခေါ်ယူနေတဲ့ ကျွမ်းကျင် အခြေခံလုပ်သားကို အရေအတွက် တိုးပြီးခေါ်ယူသွားမယ်လို့ ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တာပါ။ တောင်ကိုရီးယားက နိုင်ငံခြားလုပ်သားခေါ်ယူမှုမှာ နိပေါနိုင်ငံပြီးရင် မြန်မာက ဒုတိယအဆင့်လောက်မှာရှိကြောင်း ကိုရီးယား မြန်မာသံရုံးက အလုပ်သမားသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်သိရသလောက် ကိုရီးယားမှာက ကုန်ထုတ်နဲ့လာတဲ့ မြန်မာနိုင်ငံသားက နာမည်ရတယ်လို့ ပြောလို့ရတယ်။ မြန်မာလုပ်သားကို သဘောပိုကျကြတယ်။ ကိုရီးယားရဲ့အနေအထားက သူတို့က တနှစ်ထက်တနှစ် မြင့်မားနေဦးမှာပဲ။ ဒီဘက်မှာက မွေးဖွားနှုန်းထက် အသက်ကြီးတဲ့နှုန်းတားက တအားမြင့်နေတော့ လုပ်သားလိုအပ်ချက်က ပုံမှန်ထက် နှစ်စဉ်မြင့်မားနေတာ မှန်ပါတယ်။ အဲဒါကြောင့် တနှစ်ထက်တနှစ် ပိုပိုပြီးတော့ တိုးပြီးခေါ်တာတော့ ရှိပါတယ်။"

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာလို့ ပြည်ပထွက် အလုပ်လုပ်လိုသူတွေဟာ ထိုင်း၊ မလေးရှား၊ ဂျပန် အပါအဝင် လုပ်ခလစာများတဲ့ တောင်ကိုရီးယားကိုလည်း ရွေးချယ်လာကြတာပါ။ နိုင်ငံခြားသား အလုပ်သမားတယောက်ဟာ တောင်ကိုရီးယားမှာ အနည်းဆုံး အခြေခံလုပ်ခ တလကို မြန်မာငွေ သိန်း၂၀ ရရှိပြီး အချိန်ပိုကြေးနဲ့ တခြားဆုကြေးတွေကိုပါ ထည့်တွက်မယ်ဆိုရင် မြန်မာငွေ ကျပ်သိန်း ၄၀ အထက် ရရှိကြောင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့က ပြောပါတယ်။

လုပ်သားအရေအတွက်အနေနဲ့ ကုန်ထုတ်လုပ်ငန်းမှာ ၉ သောင်းခွဲ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းမှာ ၁ သောင်းခွဲ၊ ရေလုပ်ငန်းမှာ ၁ သောင်းကျော်နဲ့ တခြားလုပ်ငန်းတွေမှာ ၄ သောင်းကျော်လောက် ခေါ်ယူသွားဖို့ရှိတယ်လို့ ကိုရီးယားသတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ စိုက်ပျိုးမွေးမြူရေးမှာ ရွေးချယ်စရာ လုပ်ငန်းသုံးခုရှိပြီး ကုန်ထုတ်လုပ်ငန်းမှာတော့ ဆေးရွက်ကြီး၊ စက္ကူထုတ်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၂၀ ကျော်ရှိကြောင်း ကိုရီးယား အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။

၂၀၂၃ အတွက် ကိုရီးယား EPS စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းခဲ့ကြတဲ့ မြန်မာနိုင်ငံသားက ၃၇,၀၀၀ ကျော်ရှိပြီး ဒါက ပြည်တွင်းမှာ စံချိန်တင်အများဆုံး အရေအတွက်ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG