သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်လာတဲ့ ကိုရီးယား-မြန်မာဆက်ဆံရေး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ထောက်ကူဖြစ်မှာ မဟုတ်ဘူးလို့ ဝါရင့် လေ့လာသူသုံးသပ်


နိုဝင်ဘာလ (၂၆) ရက် မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ နှစ်နိုင်ငံဆက်ဆံရေး သီးသန့်တွေ့ဆုံ
နိုဝင်ဘာလ (၂၆) ရက် မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ နှစ်နိုင်ငံဆက်ဆံရေး သီးသန့်တွေ့ဆုံ

(Zawgyi/Unicode)

တောင်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးဟာ စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ တိုးမြှင့်လာပေမယ့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုတော့ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ကိုရီးယားကျွန်း ဆွယ်နဲ့ မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ဝါရင့် အမေရိကန်ပါမောက္ခတဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာကျင်းပနေတဲ့ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ နိုဝင်ဘာလ (၂၆) ရက် မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ နှစ်နိုင်ငံဆက်ဆံရေး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာမှုရှိရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲမှာ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူခဲ့တဲ့ ကိစ္စရပ်တွေ အကောင်အထည်ဖေါ်ရာမှာ တိုးတက်မှုတွေရှိနေတာကို ပြောပြခဲ့ပါတယ်။ ဒါအပြင် ပညာရေး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် ဖွံဖြိုးရေးကဏ္ဍတွေမှာ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့ ကိစ္စရပ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အဓိက ဆွေးနွေးသွားပါတယ်။

အလားတူ သမ္မတ Moon Jae-in ကလည်း စက်တာဘာလက မြန်မာနိုင်ငံကို လာခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံဖြိုးရေး အစီအစဉ်နဲ့ သူ့အစိုးရရဲ့ တောင်ပိုင်းဒေသမူ ဝါဒသစ် နှစ်ခုလုံးဟာ ပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး အတွက် အဓိက တန်ဖိုးတွေကို အတူတကွ ထိန်းသိမ်းစောင့်ရှောင့် ထားတာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အချက်ကို အဓိကထားပြီး ထပ်မံ အလေးပေး ဆွေးနွေးသွားပါတယ်။

ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံပြီးနောက်မှာ ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပူးပေါင်း ဆောင်ရွက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စတဲ့ နားလည်မှု စာချွန်လွှာ MOU သုံးခုကို သက်ဆိုင်ရာ ဝန်ကြီးတွေက အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ တောင်ကိုရီးယားဘက်က ဆက်ဆံရေးတိုးမြှင့်လာတာရှိပေမယ့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ကိုရီးယားကျွန်းဆွယ် အရေးအပါအဝင် မြန်မာ့အရေး နှစ်ပေါင်းများစွာ လေ့လာစောင့်ကြည့်ခဲ့သူ အမေရိကန်ပြည်ထောင်စု George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Daivd Steinberg က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ သူ့အတွက်အကူအညီတွေကို တနေရာတည်းကမဟုတ်ပဲ နေရာအမျိုးမျိုးက ရဖို့ မျှော်လင့်ထားတာပါ။ တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းမတခု စီမံကိန်းကနေ အကူအညီရနေသလို၊ ဂျပန်ဆီကလည်း စက်မှုဇုံ နဲ့ အခြား အကူညီတွေအပါအဝင် မြန်မာနဲ့ စီးပွားရေးအရ ဆက်ဆံရေး ကောင်းကောင်း ရှိထားပါတယ်။ ကိုရီယားအတွက်လည်း ဒီလိုမျိုး လုပ်မယ်ဆိုရင် အလွန်ကောင်းပါတယ်။ ဒါပေမယ့် မြန်မာနဲ့ပတ်သက်ရင် တရုတ်နဲ့ ဂျပန်ကို ကိုရီးယားက ယှဉ်လို့ မရသေးပါဘူး။ သူတို့အတွက်လည်း အဲဒါက အဓိကရည်ရွယ်ချက်မဟုတ်ပါဘူး။ ကိုရီးယားရဲ့ ရည်မှန်းချက်က ဈေးကွက်တွေ တိုးချဲ့ဖို့နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ သေချာစေရေးပဲဖြစ်ပါတယ်။ ဒါအပြင် ကိုရီးယားနဲ့နှိုင်းယှဉ်ရင် မြန်မာမှာ အလုပ်သမားခ သက်သာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေလည်း နောက်ပိုင်းမှာ ပါလာပါလိမ့်မယ်။ ဒါပေမဲ့ ကိုရီးယားရဲ့ ဆက်ဆံရေးဟာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုတော့ အကူအညီပေးမှာ မဟုတ်ပါဘူး။”

သမ္မတ Moon Jae-in အစိုးရလက်ထက် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကို အမေရိကန်၊ ဂျပန်၊ တရုတ်တို့နဲ့ အပြိုင် အားကောင်းအောင် အလေးပေးတိုးချဲ့လာတယ်ဆိုပေမယ့် လက်ရှိ အချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေးတင်းမာမှုဟာ ဒေသလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပါမောက္ခ Steinberg က ပြောပါတယ်။

“သမ္မတ Moon နဲ့ သူ့အစိုးရအတွက် မြန်မာအပါအဝင် အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်ဖို့ တကယ့်ကိုအရေးကြီး အလေးထားတဲ့ ကိစ္စဖြစ်ပါတယ်။ တောင်ကိုရီးယားအနေနဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့နဲ့ သူတို့ ဆက်ဆံရေး အလေးထားသလိုမျိုးပေါ့။ ဒါပေမဲ့ အခုချိန်မှာ ဂျပန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေးဟာ အရမ်းကိုဆိုးနေပါတယ်။ အာရှ အရှေ့မြောက်ပိုင်းမှာ အဓိကအရေးပါတဲ့ မဟာမိတ်နှစ်နိုင်ငံကြား မပြေမလည်ဖြစ်နေတာကို အမေရိကန်ပြည်ထောင်စုက အလွန်ပဲ စိုးရိမ်နေပါတယ်။ နှစ်နိုင်ငံကြား အငြင်းပွားမှုဟာ ဒေသတခုလုံး လုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။”

သမ္မတ Moon Jae-in အစိုးရလက်ထက် ၂၀၁၇ခုနှစ်မှာ ချမှတ်ခဲ့တဲ့ တောင်ပိုင်းဒေသ မူဝါဒသစ်အရ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေကြားဆက်ဆံရေးဟာ အလျင်အမြန်တိုးလာခဲ့တာပါ။ နိုဝင်ဘာလ ၂၅-၂၆ ရက်နေ့ထိ ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က စတင်ခဲ့တဲ့ အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံ ကြားဆက်ဆံရေး နှစ် (၃၀)ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ လေးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်အတွင်း နိုဝင်ဘာလ (၂၇)ရက်နေ့ ဒီကနေ့မှာ တောင်ကိုရီးယားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။


........................


(Zawgyi/Unicode)












XS
SM
MD
LG