ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ မယ်အိုင့်မြိုနယ်ထဲမှာ ကင်းလှည့်နေတဲ့ ထိုင်း နယ်ခြားစောင့်တပ်နဲ့ မြန်မာဘက်ကဝင်လာတဲ့ မူးယစ်မှောင်ခို လက်နက်ကိုင်တွေကြား ဖေဖော်ဝါရီလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၄ ဦး သေဆုံးပြီး ICE မူးယစ်ဆေး ကီလို ၂၀၀ နီးပါး၊ စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က သတင်းထုတ်ပြန်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးတွေ မူးယစ်ဆေးတွေဟာ ထိုင်းနိုင်ငံထဲကို ဆက်တိုက်ဝင်ရောက်နေရာမှာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ညကတော့ စိတ်ကြွဆေးတွေ အိုက်စ်မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖြစ်တဲ့ ၃၀၂၆ တပ်တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မူးယစ်လက်နက်ကိုင် ၁၅ ဦးထက်မနည်းဟာ ထိုင်းနယ်စပ်၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းဒေသကို ဝင်ရောက်လာတာကြောင့် ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ သူတို့ပါလာတဲ့ ကျောပိုးအိတ် ၁၃ လုံးထဲမှာ Ice မူးယစ်ဆေး ၁၉၅ ကီလိုနဲ့ စိတ်ကြွဆေး ၁ သန်း ၄ သောင်းကို ဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ် ။
၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ပြီး မူးယစ်လက်နက်ကိုင်တွေ နောက်ကြောင်း ပြန်ဆုတ်ခွာသွား ခဲ့ကြောင်း၊ ထိုင်းစစ်တပ်က အခင်းဖြစ်တဲ့နေရာကို ၉ ရက်နေ့မှာ ရှင်းလင်းခဲ့ရာမှာတော့ မူးယစ်လက်နက်ကိုင် ၃ ယောက်ကို အသေရရှိတယ်လို့ဆိုပါတယ်။
နောက်တနေရာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာကတော့ ချင်းမိုင်ခရိုင်ထဲက ဘန်နမ့်မအန်းကျေးရွာ အနီးက တောင်တန်းမှာ မူးယစ်လက်နက်ကိုင် (၈) ယောက်ခန့်နဲ့ ထိုင်းနယ်ခြားစောင့်အမှတ် ၃၂၀၁ ရိန်းဂျားတပ်ခွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ် အဲဒီနေရာမှာတော့ မူးယစ်လက်နက်ကိုင် တဦး သေဆုံးခဲ့သလို စိတ်ကြွဆေးပြား ၁ သန်းကျော် (၁,၀၀၄,၀၀၀) ဖမ်းမိခဲ့ပြီး ရိန်းဂျားစစ်သည် တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၃ နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Pha Muang Task Force က ဒု-ဗိုလ်မှူးကြီး Meechai Nilasat မီချိုုင်း နီလဆပ် ဦးဆောင်တဲ့ သက်ဆိုင်ရာအဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
"မိမိတို့ဘက်က ကြိုတင်သတင်းရထားတာကြောင့် နယ်စပ်နေရာတွေကို ပိတ်ဆို့ စောင့်ကြည့်နေ တာပါ၊ မူးယစ်မှောင်ခိုသမားတွေက အုပ်စုနှစ်စုဖွဲပြီး နယ်ခြားလမ်းတွေက ဝင်လာခဲ့တာကို မိမိတို့ တပ်ဖွဲ့ဝင်တွေက တွေ့အောင် ရှာဖွေနိုင်ခဲ့လို့ နှစ်ဖွဲ့လုံးကို အခုလို ဖမ်းဆီးနိုင်ခဲ့တာ" လို့ ပြောသွားပါတယ်။ ဖမ်းမိတဲ့မူးယစ်ဆေးတွေဟာ ကာလတန်ဘိုး ဘတ်ငွေ သန်းပေါင်း ၆၀ ကျော်ရှိတယ်လို့ လည်း ပြောသွားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ကားတစီးကို အာဏာပိုင်တွေက လိုက်လံ ပိတ်ဆို့ ဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ဆာလာအိပ် ၇၈ အိတ်ကိုဖမ်းမိပြီး ဒီထဲမှ ာစစ်ကြွဆေးပြား ၁၅ သန်း ၆ သိန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ဖမ်းမိခဲ့ပါသေးတယ်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကတော့ မြန်မာဘက်က ဝင်ရောက်လာတဲ့ စိတ်ကြွ ဆေးပြားတွေ၊ မူးယစ်ဆေးဝါးတွေကို ၂၀၂၅ နစ်သစ်ကူးကာလကစပြီး နှစ်စကတည်းက အများဆုံး ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ပြီးခဲ့တဲ့လက ပြောဆိုသွားပါတယ်။
Forum