ထိုင်းနိုင်ငံ ချင်းရိုင်နဲ့ အယုဒ္ဓယခရိုင်တို့ကနေ ၂ ရက်တာအတွင်း စိတ်ကြွဆေးပြား ၁၃ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လတာအတွင်း မူးယစ်မှောင်ခိုတွေနဲ့ တိုက်ပွဲပေါင်း ၂၄ ကြိမ် ရှိခဲ့ပြီး သံသယရှိသူ ၂၀၀ နီးပါးနဲ့အတူ မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းမိထားတယ်လို့ ထိုင်း နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးတွေအများဆုံး ဝင်ရောက်လာနေတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် အတွင်းမှာ ဖေဖေါ်ဝါရီလ၂၈ ရက်နေ့ည မတ်လ ၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီအချိန်လောက်မှာပဲ ကား ၃ စီးနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၈ သန်း ဖမ်းမိခဲ့ပါတယ်။
ထိုင်းအတွင်းပိုင်း ဆိုကိုထိုင်းခရိုင်ကို မောင်းနှင်လာတာဖြစ်ပြီး အဲဒီ ကား ၃ စီးထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၅ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း ချင်းရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့ကတော့ ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ချင်းဒေါင်းမြို့နယ်ဘက်ကနေလာတဲ့ ပြောင်းဖူးတင်တဲ့ ကားကြီးတစီးဟာ အယုဒ္ဓယခရိုင်ထဲကို ဝင်ရောက်ချိန်မှာ ပြောင်းဖူးထဲမှာ ဖွက်ပြီးသယ်လာတဲ့ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအားလုံးရဲ့ ကာလတန်ဖိုးကတော့ ဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော်လောက် တန်ဖိုးရှိပါတယ်။
ချင်းရိုင်ခရိုင် ဖမောင့် နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ရာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ မတ်လဆန်းထိ ၆ လအတွင်းမှာ စိတ်ကြွဆေးပြား ၆၇ သန်း ၉ သိန်းကျော်၊ ဘိန်းဖြူ ၁၄၃ ကီလိုနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူတရားခံ ၁၇၂ ယောက်ကို ဖမ်းဆီးအရေးယူခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲပေါင်း ၂၄ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း မူးယစ်ကုန်ကူးသူ ၈ ဦးကိုလည်း အသေဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလို မူးယစ်ဆေးဝါးတွေ ဖမ်းမိနိုင်တာနဲ့ပတ်သက်လို့ Pha Muang Task Force ဖမောင့် နယ်ခြားစောင့်တပ်ရဲ့ တပ်မှူး ကစ်တကွန် ချန်တရာ (Maj. Gen. Kittakorn Chantra) က -
"အခုလို မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ အောင်မြင်မှုတွေ ရနေတာဟာ နယ်မြေလူထုနဲ့ တပ်ဖွဲဝင်တွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အနာဂတ်မျိုးဆက်တွေကိုဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးတွေကို ရှင်းလင်းရအောင် နယ်ခြားတလျှောက်က တပ်ရင်းတပ်ဖဲွ့တွေအနေနဲ့ အသင့်ဖြစ်နေပါတယ်" လို့ ပြောသွားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် မယ်အိုင့်မြိုနယ် ထဲမှာ ကင်းလှည့်နေတဲ့ အမှတ် (၃) နယ်ခြား စောင့်တပ် ၃၂၀၆ ရိန်းဂျားတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာဘက်ခြမ်းကလာတဲ့ မူးယစ်လက်နက်ကိုင် ၁၅ ဦး ခန့်ဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တုန်းကလည်း မြန်မာနယ်ခြားနဲ့ ကီလိုမီတာ ၄၀၀ လောက်အကွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မူးယစ်မှောင်ခိုသမား ၃ ဦး အသေဖမ်းမိခဲ့ပြီး Ice မူးယစ်ဆေး ကီလို ၂၀၀ နီးပါးနဲ့ စိတ်ကြွဆေးပြား တသန်းကျော် ဖမ်းမိခဲ့ပါတယ်။
Forum