သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော် ထိုင်းလုံခြုံရေး ဖမ်းဆီး 


ဂေါ်ဖီထုတ်ကားထဲ ကွယ်ဝှက်လိုက်ပါလာတဲ့မြန်မာတွေကို ၂၀၂၂၊ ဧပြီလ ၂၇ ရက်နေ့က ဖွတ်ဖရမြို့နယ်ထဲမှာ ဖမ်းဆီးခံရပုံ (Photo- Phe Joe)
ဂေါ်ဖီထုတ်ကားထဲ ကွယ်ဝှက်လိုက်ပါလာတဲ့မြန်မာတွေကို ၂၀၂၂၊ ဧပြီလ ၂၇ ရက်နေ့က ဖွတ်ဖရမြို့နယ်ထဲမှာ ဖမ်းဆီးခံရပုံ (Photo- Phe Joe)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံဘက်ကနေ အထောက်အထားမဲ့ ဝင်ရောက်သူတွေကို ထိုင်းနိုင်ငံဘက်မှာ တင်းတင်း ကြပ်ကြပ် ရှာဖွေစစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတဲ့ကြားမှာပဲ လူကုန်ကူးကားတွေနဲ့ ဆက်ပြီး ဝင် ရောက်လာနေကြတာမှာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းလုံခြုံရေးတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါ တယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲက နေရာ ၅ ခုလောက်မှာ ထိုင်းအာဏာပိုင် တွေက ရှာဖွေစစ်ဆေးတဲ့ အချိန် လူကုန်ကူးခံရတဲ့ မြန်မာ ၁၅၀ ကျော်ကို သယ်ဆောင်လာတဲ့ ကား ၈ စီးကို ဖမ်းမိခဲ့ပါတယ်။ တာ့ခ်ပြည်နယ် မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်ကတော့ ၂ ရက်အတွင်း တရားမဝင် ဝင်လာသူ မြန်မာ ၁၇၀ လောက်အဖမ်းခံရတယ်လ့ို အခုလိုပြောပြပါတယ်။

“ဒီနေ့ ဧပြီလ၂၈ ရက်နေ့မှာ တာ့ခ်ပြည်နယ်ထဲက မြန်မာနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ မြို့နယ် ၅ ခုကနေ တရားမဝင် မြန်မာနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက်သယ်ဆောင်လာတဲ့ ကား ၈ စီးကို ဖမ်းဆီး လိုက်တယ်။ မနေ့တုန်းကလည်း တာ့ခ်ပြည် ဖွတ်ဖရမြို့နယ်ထဲမှာ ဂေါ်ဖီထုတ်တွေ သယ်ဆောင်လာတဲ့ ကားထဲမှာ မြန်မာနိုင်ငံသား ၁၄ ယောက်ကို သယ်ဆောင်လာတာကို မသင်္ကာလို့စစ်ဆေးတဲ့အခါ အဲဒီ ကား ဂေါ်ဖီထုတ်တွေကြားထဲမှာ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ဖမ်းဆီးမိတယ်။ ၂ ရက် အတွင်းမှာ ၁၆၈ ယောက်ပေါ့နော်။ သူတို့ကို ကိုဗစ်ကာလဥပဒေအရ အရေးယူမယ်လို့ သက်ဆိုင်ရာ ရဲစခန်း က သတင်းထုတ်ပြန်တာလည်းရှိပါတယ်။”

မြန်မာတွေ သယ်လာတဲ့ ထိုင်းကားမောင်းသမားတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ အဖမ်း အဆီးတွေများပေမယ့် မြန်မာဘက်ကနေ နေ့စဉ် တရားမဝင် ရောက်လာနေတာကတော့ ကိုဗစ်ကပ် ဘေးအပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အဆင် မပြေတာတွေကြောင့်ဖြစ်တယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

“ကိုဗစ်ကာလမှာ စီးပွားရေးကရပ်တန့်ပြီး ဝင်ငွေတွေမရလို့ အလုပ်သမားထုက အတော်ရုန်းကန်နေ ရပါတယ်။ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းမှာလာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ကုမ္ပဏီကြီးတွေလည်း နောက်ဆုတ်သွားကြတယ်။ အခြားနေရာတွေမှာ ရင်းနှီးမြှုပ် နှံကြတယ်။ ပြည်တွင်းမှာ ရင်းနှီးမြှပ်နံှမှုတွေ မရှိကြတော့ဘူး။ စက်မှုဇုံတွေမှာ လူအင်အား အတော် များများနဲ့ လည်ပတ်နေတဲ့စက်ရုံတွေက ရပ်ဆိုင်းသွားတော့ အလုပ်လက်မဲ့တွေ တိုးပွားလာတယ်။ နိုင်ငံရေးအရလည်း ဖိအားတွေရှိတော့ လူငယ်တွေက တရားမဝင်မှန်းသိလျက်နဲ့ စွန့်စားပြီး ဝင်ရောက်နေတာလို့ ကျနော်ဒီလိုပဲ သုံးသပ်မိပါတယ်။”

မြန်မာတွေကိုသယ်ဆောင်လာတဲ့ ထိုင်းကားမောင်းသမားတွေကိုလည်း အရေးယူနေပါတယ်။ မနေ့ကတော့ ဂေါ်ဖီထုတ်ကား ၂ စီးကို မောင်းတဲ့ ထိုင်းလူမျိုးသားအဖ ၂ ယောက်ကို ဖမ်းဆီးခဲ့ ပါတယ်။ ဒီနေ့ဖမ်းမိတဲ့ ကား ၈ စီးအတွက် အဓိကစီစဉ်သူ ထိုင်းနိုင်ငံသားတဦးကိုလည်း လူကုန် ကူးမှုမှာ အဓိကတာဝန်ရှိသူအနေနဲ့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အခုဆိုရင် ထိုင်းမြန်မာနယ်စပ်တွေမှာ မြန်မာနိုင်ငံသားတွေ ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ထွက်ပေါက် နေရာတွေကို ထိုင်းအာဏာ ပိုင်တွေက တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေပြီး အဖမ်းအဆီးတွေလည်း ဆက်တိုက် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]










==================

XS
SM
MD
LG