သုံးရလွယ်ကူစေသည့် Link များ

ကိုသန်းစိုး နိုင်ငံရေးခိုလှုံခွင့် ကနေဒါ နယ်စပ်လုံခြုံရေးဌာန ပယ်ချ


ကိုသန်းစိုး

ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ ကိုသန်းစိုးရဲ့ လျှောက်လွှာကို ကနေဒါ နယ်စပ်ဒေသလုံခြုံရေးဌာနက မနေ့ ဇွန်လ ၁၉ ရက်နေ့က ပယ်ချလိုက်ပါပြီ။ သူ့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပြင်ဆင်ချိန် သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်အထိ အချိန်ပေးထားပါတယ်။ ဒါပေမယ့် ကိုသန်းစိုးရဲ့ ရှေ့နေကတော့ သူ့အမှုကို ဒီကနေ့ အယူခံဝင်မယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကိုသန်းစိုးနဲ့ သူငယ်ချင်းများ
ကိုသန်းစိုးနဲ့ သူငယ်ချင်းများ

ကိုသန်းစိုးဟာ ရဲရင့်ဆိုတဲ့အမည်နဲ့ ရဲသီဟနဲ့အတူ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကိုပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံတစင်းကို ၁၉၈၉ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်ပေးဆွဲသွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာ ပညာတော်သင် အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့ပေမယ့်လည်း လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့သူတဦး ဖြစ်နေတာကြောင့် အမေရိကန်က သူ့ကို နေထိုင်ခွင့် မပေးတာကြောင့် ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောက်သွားပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။

ဒါပေမယ့် ကနေဒါနိုင်ငံအစိုးရက သူ့ကို တရားဝင် နေထိုင်ခွင့်မပေးပဲ အခုချိန်ထိ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တာပါ။

ဇွန်လ ၁၉ ရက်နေ့မှာတော့ ကနေဒါ နယ်စပ်ဒေသလုံခြုံရေးဌာနက သူ့ရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားချက်ကို ပယ်ချလိုက်ပြီ ဖြစ်ကြောင်း ကိုသန်းစိုးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခုက ဘာလဲဆိုတော့ မြန်မာနိုင်ငံပြန်ပို့လို့ရှိရင် ဒီလိုလူတယောက်ကို ပြန်ပို့ရင် ဟိုမှာဒီလူ ဒုက္ခရောက်နေတာ Risk ရှိမရှိ။ အဲဒီဟာမှ သူတို့ကမြင်တာက ဘာလဲဆိုတော့ ကျနော်မြန်မာနိုင်ငံပြန်ရင် Risk မရှိဘူးပေါ့နော် ၊ အဲလိုမြင်တဲ့အတွက် ကျနော်application တင်ထားတဲ့ ဟာကို ငြင်းဆိုလိုက်တယ်ပေါ့နော်။ Officer ကလည်း ကျနော့်အနေနဲ့ ထွက်ပြေးမှာမဟုတ်ဘူး ပုန်းခိုနေမှာမဟုတ်ဘူးဆိုပြီးတော့ ယူဆတဲ့အတွက် မဖမ်းပဲနဲ့ ပြန်လွှတ်ပေးလိုက်တယ်၊ သူကတော့ ကြိုပြောလိုက်တယ် ပုံမှန်ဆိုရင် ၄ ပတ်နဲ့ ၆ ပတ် ကြားထဲမှာ ဒီ Travel document တို့ Passport တို့ လေယာဉ်ပျံလက်မှတ်ကိစ္စအားလုံး စီစဉ်ပေးတယ်ပေါ့နော်။ ကျနော့်ကိစ္စကျတော့ နည်းနည်းကြာရင်ကြာမယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မှာ Travel document တို့ Passport တို့ ဘာတို့မရှိဘူး။တချို့တွေကတော့ Passport တို့ဘာတို့ရှိတာက ပိုမြန်တာပေါ့ အဲဒါပါပဲ”

ကိုသန်းစိုးရဲ့ ရှေ့နေက အခု ဆုံးဖြတ်ချက်ကို တရားရုံးမှာ ဒေသစံတော်ချိန် အင်္ဂါနေ့မှာ အယူခံဝင်မယ်လို့ ပြောပါတယ်။

“ကျနော့်ရှေ့နေကတော့ သူက တရားရုံးပဲသွားပြီးတော့ အယူခံဝင်မယ်လို့ ပြောတာပဲ ကျနော်ကလည်း ပြောပါတယ်၊ အယူခံဝင်ဖို့တော့မလိုပါဘူးလို့။ သူကဘာပြောသလဲဆိုတော့ မင်းအတွက်ကိုပဲမစဉ်းစားနဲ့ ဒါမြန်မာနိုင်ငံအတွက်လည်း စဉ်းစား ဆိုလိုတာက မြန်မာနိုင်ငံမှာ မင်းအခုပြန်သွားမယ်ဆိုရင် သူတို့မြင်တဲ့အတိုင်း ဒီကတော်လှန်ရေးသမားတွေ ပြန်လို့ရတယ်ဆိုပြီးတော့ မင်းက ထောက်ခံလိုက်တဲ့ ပုံစံဖြစ်သွားတယ်။ အခုက တရားရုံးသွားပြီးတော့ မြန်မာနိုင်ငံမှာပြောင်းနေပြီဆိုပေမယ့် အခြေအနေမကောင်းသေးတော့ ဒီဘက်က Activist တွေပြန်ရင် အဆင်သင့်မဖြစ်ဘူးဆိုတာကို သွားပြမလို့ နောက်ပြီးရင် နောက်ဖြစ်လာမယ့် မြန်မာတွေ ၊ ဒီဘက်မှာရှိတဲ့ မြန်မာတွေအတွက်လည်း နမူနာဖြစ်အောင်လို့ တင်တာ ၊ သူက မင်းအဲဒါတွေလည်းစဉ်းစားပါ ။ သူ့ဟာသူ ဘယ်လိုပဲ အယူခံတင်တင် Deportation officer ကလည်း သူ့အလုပ်သူလုပ်ရမှာပေါ့ ၊ Deportation officer ကလည်း သူဆုံးဖြတ်ချက်ချတဲ့ အရာရှိမဟုတ်ဘူး ကျလာတဲ့ ဆုံးဖြတ်ချက်ကို သူက ဒီတိုင်းပြည်ကနေ ဒီလူကို ပို့ဖို့ပေါ့နော် သတ်ဆိုင်ရာသံရုံးတွေဆက်သွယ်ပြီးတော့ ခရီးသွားခွင့်လက်မှတ်ယူတာ လုပ်တဲ့လူပေါ့နော် ။ ဇူလိုင်လ ၄ ရက်နေ့ကျရင် သွားတွေ့ရမယ်။ ပြီးရင် သူတို့ မြန်မာသံရုံးကို ဆက်သွယ်မယ်ထင်တယ်။ ကျနော့် Passport ပုံစံမျိုးပေါ့နော် တောင်းဖို့ Deportation officer အနေနဲ့က သူ့မှာတာဝန်က တရားရုံးမှာတင်ထားလို့ တရားရုံးကနေ အမိန့်ချတဲ့အထိ စောင့်ရမယ်ဆိုတဲ့ဟာမျိုး ၊ သူ့မှာ ချုပ်နှောင်ထားတာလည်း မရှိဘူး တရားရုံးမှာ ဘယ်လောက်ပဲတင်တင် ဒီကြားထဲမှာ ပို့လိုက်လို့ရတယ်။”

ကနေဒါ နယ်စပ်ဒေသ လုံခြုံရေးဌာနက အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့အတွက် သူ့ကို မြန်မာနိုင်ငံ ပြန်ပို့ရေး လုပ်ငန်းစဉ်တွေကို ကနေဒါ အစိုးရဘက်က မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။

ကိုသန်းစိုးအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လောက် မြန်မြန် ပြန်ရမလဲဆိုတာကတော့ သူ့ရှေ့နေရဲ့ တရားရုံးမှာ လျှောက်ထားချက် ဘယ်လောက်အထိ ထိရောက် အောင်မြင်မလဲ ဆိုတာအပြင် ကနေဒါနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက သူ မြန်မာနိုင်ငံ ပြန်လာရေးအတွက် ဘယ်လောက်မြန်မြန် လုပ်ဆောင်မလဲဆိုတော့အပေါ်မှာ မူတည်နေပါတယ်။

“ဒီ အော်တိုဝါမှာရှိတဲ့ မြန်မာသံရုံးကနေ သူတို့ ကျနော့်ကိစ္စနဲ့ ပတ်သက်ပြီး Passport ထုတ်ပေးနိုင်တယ်ဆိုရင်တော့ မြန်တာပေါ့ သူတို့က ကျနော့်ကိစ္စကို ထုတ်မပေးနိုင်ဘူး ၊ မြန်မာနိုင်ငံကို လှမ်းမေးရမယ်ဆိုရင်လည်း နည်းနည်းတော့ ကြာမှာပေါ့။”

သူ့အနေနဲ့ကတော့ အခုချိန်မှာ မြန်မာနိုင်ငံကို ပြန်လိုတဲ့ ဆန္ဒမရှိသေးပေမယ့် ကနေဒါအစိုးရက ပြန်ပို့မယ်ဆိုရင်တော့ မဖြစ်မနေ ပြန်ရတော့မှာဖြစ်တယ်လို့ ကိုသန်းစိုးက ပြောပါတယ်။ ဒါပေမယ့်လည်း ကနေဒါအစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ သူတယောက်ထဲအတွက် မဟုတ်ပဲ ရှစ်လေးလုံး အရေးတော်ပုံကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ အားလုံးကိုပါ တိုက်ရိုက် သက်ဆိုင်နေတဲ့ ဆုံးဖြတ်ချက်အဖြစ် ရှုမြင်ကြောင်း ကိုသန်းစိုးက ပြောပါတယ်။

“ကျနော်ကတော့ ထောင်ချခံရမှာကိုတော့ မကြောက်ပါဘူး ဒါပေမယ့် အမှန်တရားတွေ ဆုံးရှုံးသွားမှာတော့ကြောက်တာပေါ့။ အမှန်တရားဆိုတာကလည်း စွန့်စွားသွားတဲ့လူတွေအများကြီးရှိတယ်၊ လက်ရှိလည်း စွန့်စားနေတဲ့သူတွေအများကြီးရှိသေးတယ်။ အမှန်တရားတွေမပေါ်ပဲနဲ့ ပျောက်သွားမှာကိုကြောက်လို့ ၊ ကျနော်သိက္ခာကျတယ်ဆိုတာက အားလုံးသိက္ခာကျသွားမှာ ကြောက်လို့ အဲဒါပါပဲ စိုးရိမ်တာ။ အရေးကြီးတာကတော့ ဘာလဲဆိုတော့ ကျနော်ဖြစ်စေချင်တာက ကျနော့်ကိစ္စမဟုတ်ပဲနဲ့ အားလုံးအတွက် လုံခြုံမှုမရှိသေးတာ နောက်ပြီးတော့ အထူးသဖြင့် Highlight တခြားတိုင်းပြည်မှာ သက်ဆိုင်ရာအစိုးရက Legislation ထုတ်ပေးတယ် ၊ ဥပဒေတွေပြဌာန်းပြီးတော့ ဒီလူတွေပြန်လာဖို့လုပ်ပေးတယ် ၊ မြန်မာနိုင်ငံမှာက ရှိကိုမရှိသေးတာ၊ မရှိသေးတဲ့အကြောင်းကလည်း မြန်မာနိုင်ငံမှာ ဒေါ်စုတို့အစိုးရအနေနဲ့ကလည်း လုပ်ရကိုင်ရတာ ကလည်း ခက်ပါလိမ့်မယ်။”

ကိုသန်းစိုးလိုပဲ ကနေဒါအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်ပမှာ နေထိုင်နေကြသူ အားလုံးနဲ့ သက်ဆိုင်တယ်လို့ အမြင်ရှိသူနောက်တဦးကတော့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ နေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူလည်းဖြစ်၊ ကိုသန်းစိုး ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးအတွက် ဦးဆောင် လှုပ်ရှားနေသူ တဦးလည်းဖြစ်တဲ့ ကိုအောင်မိုးပါ။ သူက ကိုသန်းစိုးကိစ္စအတွက် ကနေဒါ ၀န်ကြီးချုပ် Justin Trudeau ထံအထိ စာရေး အကြောင်းကြားသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ကိုသန်းစိုးကိုက ကျနော်တို့ ဒီဘက်က ရှစ်လေးလုံး ရဲဘော်တွေ အကုန်လုံးက ကူကြတယ်ပေါ့နော်။ ဒီ ကနေဒါချည်းပဲ မဟုတ်ဘူး။ သူ့ရဲ့ တခြားသူငယ်ချင်းတွေဖြစ်တဲ့ သြစတေးလျတို့၊ ထိုင်းတို့၊ နောက် ဥရောပက သူငယ်ချင်းတွေ၊ နောက် အမေရိကန်က သူငယ်ချင်းတွေ၊ အကုန်လုံးက ၀ိုင်းကူကြပါတယ်။ ကျနော်တို့ ကနေဒါကတော့ အဓိကပေါ့နော်။ အဓိက ကနေဒါက သူငယ်ချင်းတွေက သူ့ရဲ့ ကိစ္စကို သူ့အနေနဲ့ အခုအချိန်မှာ ဆက်လုပ်ရမယ့်ကိစ္စတွေကို ကျနော်တို့ အကုန်လုံးက တတ်နိုင်သ၍ ၀ိုင်းလုပ်ကြဖို့ အစီအစဉ် ရှိပါတယ်။ ဆိုတော့ အခု နယ်စပ်လုံခြုံရေး ဌာနကနေပြီးတော့ အမိန့်ချလိုက်တဲ့ဟာကိုက ကျနော်တို့ ဘာမှ လုပ်လို့ မရတော့ဘူးဗျ။ ကျနော်တို့ လုပ်နိုင်တာက ကနေဒါ ၀န်ကြီးချုပ်ကို ကျနော်တို့ တိုက်ရိုက်အသံပေါက်အောင်ပေါ့၊ ကျနော်တို့ရဲ ဆန္ဒတွေ၊ အသံတွေ ပေါက်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီလို အနေအထားတခု ရှိပါတယ်။ ကိုသန်းစိုးအနေနဲ့ အခု ကျနော်တို့ သူငယ်ချင်း တယောက်အနေအထား ဆိုတာထက်ပေါ့၊ သူလုပ်ဆောင်ခဲ့တဲ့ဟာက ရှစ်လေးလုံး အရေးအခင်းကို၊ နောက် ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှုကို ကမ္ဘာကသိအောင် မီးမောင်း ထိုးပြသွားတာလေ။ ပြီးတော့ သူ့ကို ပြန်ပို့လိုက်တဲ့ဟာက ကျနော်တို့ ရှစ်လေးလုံး Generation (မျိုးဆက်) တခုလုံးအတွက်ကို သူက အကျုံးဝင်နေတယ်ဗျ။”

ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေက ကိုသန်းစိုးကို နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ကနေဒါအစိုးရနဲ့ လွှတ်တော်အမတ်တွေထံ လက်မှတ်ထိုး တောင်းဆို လှုပ်ရှားခဲ့ကြပါတယ်။

ဒါ့အပြင် ကနေဒါ အောက်လွှတ်တော် ဒုဥက္ကဋ္ဌလည်းဖြစ်၊ ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Bruce Stanton ကလည်း သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားမှုကို ထောက်ခံကြောင်း ပြောကြားဘူးပါတယ်။

ကိုသန်းစိုးအနေနဲ့ မြန်မာနိုင်ငံပြန်ရေးအတွက် ပြင်ဆင်ချိန် သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်အထိ ကနေဒါ နယ်ခြားဒေသလုံခြုံရေးဌာနက အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရှေ့နေက တရားရုံးမှာ လျှောက်ထားမှုက ထွက်လာမယ့် အဖြေအပေါ် မူတည်ပြီး အဲဒီ သတ်မှတ်ချိန်ထက် ပိုကြာကောင်း ကြာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကနေဒါမှာရှိတဲ့ မြန်မာသံရုံးက သူမြန်မာနိုင်ငံကို ပြန်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် Travel Document လို့ခေါ်တဲ့ ခရီးသွားလက်မှတ် ဘယ်လောက် မြန်မြန် ထုတ်ပေးမလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်လို့ ကိုသန်းစိုးက ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

XS
SM
MD
LG