သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတိုင်းရင်းသား Dragon Leg နပန်းသမား နိုင်ငံတကာအဆင့်မီကြိုးပမ်းမှု


One Championship– MMA ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ Catchweight ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် The Dragon Leg လို့အမည်ပေးထားတဲ့ ချင်း လက်ဝှေ့သမား တီရယ်ထန် Tial Thang (facebook)
One Championship– MMA ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ Catchweight ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် The Dragon Leg လို့အမည်ပေးထားတဲ့ ချင်း လက်ဝှေ့သမား တီရယ်ထန် Tial Thang (facebook)

မကြာခင် သတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် One Championship– Catchweight ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် The Dragon Leg လို့အမည်ပေးထားတဲ့ ချင်း နပန်းသမား တီရယ်ထန် ရဲ့ အစွမ်းအစကို မြန်မာပရိသတ်တွေ ရှူစားကြရတော့မှာပါ။ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ဖို့ သူ့အနေနဲ့ အရမ်းကိုကြိုးစားလေ့ကျင့်ထားတယ်လို့ တီရယ်ထန်က ဗွီအိုအေကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အသက် (၂၆)နှစ်အရွယ် တီရယ်ထန်ကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က သူနဲ့အတူ နှစ်နှစ်ကျော် လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

မတ်လ (၈)ရက်နေ့ ရန်ကုန် သုဝဏ္ဍ အားကစားရုံမှာ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ Catchweight ပေါင် ၁၅၀ တန်းအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့်သူက ချင်း လက်ဝှေ့သမား တီရယ်ထန်ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာရှိနေတဲ့ တီရယ်ထန်ဟာ မကြာခင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို မထွက်ခွာခင် အချိန်ထိ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန် နဲ့အတူ အပြင်းအထန် လေ့ကျင့်နေဆဲဖြစ်ပါတယ်။

ပြိုင်ဖက် ကမ္ဘောဒီးယားလက်ဝှေ့သမား Rin Sorth နဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တီရယ်ထန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အခုလာမယ့် One Championship မတ်လ ၁ ရက်နေ့မှာပြိုင်ဖို့ ကျနော်အဆင်သင့်ဖြစ်ပြီ။ training တွေလည်း ကောင်းကောင်းလုပ်ထားတယ်။ အခု ကျနော်နဲ့ ထိုးတဲ့ တယောက်လည်း ထိုးတာ အရမ်းကျွမ်းတယ်။ သူ ကျနော်တို့ မြွေထိုင်းဆိုတဲ့ဟာမှာ ၁၀၀ ကျော်တောင်နိုင်ဖူးတယ်။ ဆိုတော့ ကျနော်က နပန်းလည်း ငယ်ငယ်ကတည်းက လုပ်ထားတယ်ဆိုတော့ ကျနေ်ာက နပန်းးဘက်မှာ အားသာမယ်လို့ထင်တယ်။ ပြီးရင် ကျနော်သူ့ကို နပန်းလုံးပြီးတော့ ထိုးမှာပေါ့နော်။”

အခုလို ပေါင် ၁၅၀ တန်း Catchweight လက်ဝှေ့ပြိုင်ပွဲအတွက် အရင်က ကိုယ်အလေးချိန် များနေတာကို လျော့ချခဲ့ရသလို ကြွက်သားတွေ ခိုင်မာတောင့်တင်းအောင်လည်း လေ့ကျင့် ကစားခဲ့ရတယ်လို့ တီရယ်ထန်ကပြောပါတယ်။ နယူးရောက်ကနေ မေရီလန်းပြည်နယ်ကို ၂၀၁၆ ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်ပြီး အချိန်ပိုင်း အလုပ်နဲ့ ကိုယ်ခံပညာစုံသုံးခွင့်ရတဲ့ MMA ကို စတင် လေ့ကျင့်ခဲ့ပြီးနောက် အခုတော့ ဖလော်ရီဒါပြည်နယ်မှာ အောင်လအန်ဆန်နဲ့အတူ အချိန်ပြည့် လေ့ကျင့်နေကြောင်း တီရယ်ထန်က ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ မယ်ရီလန်းမှာ နေတုန်းက ကျနော် full time training လုပ်လို့မရဘူး အခုလိုပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ မယ်ရီလန်းမှာ အလုပ်လည်းလုပ်တယ် Gym လည်းဆော့တယ် ၊ နောက်ပြီး ကျနော်တို့ မှာက ကလေးတွေကို သင်ပေးတာ ကို ကူညီတယ်။ အဲဒါကြောင့် ကျနော့် body က တဖြေးဖြေး change လာတယ်။ လာမယ့် One Championship မှာ အစီအစဉ်ရှိပြီဆိုတော့ ကျနော် Full time training လုပ်တယ် ၊ တနေ့မှာ ၂ ကြိမ် မဟုတ်ရင် ၃ ကြိမ် training လုပ်တယ်ဆိုတော့ ကျနော်ပိုပြီးတော့ weight လျော့ရတယ်။”

ချင်းပြည်နယ် ဟားခါးမြို့သစ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ တီရယ်ထန်ဟာ အသက် ၁၀ နှစ်အရွယ်မှာ မြန်မာနိုင်ငံကနေ မလေးရှားကို မိသားစုနဲ့အတူ ထွက်လာခဲ့ပြီးနောက် ၂၀၀၇ခုနှစ် အသက် (၁၄)နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စု နယူးရောက်မှာ ချင်းဒုက္ခသည်တွေအဖြစ် ရွှေ့ပြောင်း အခြေချခွင့်ရခဲ့ပါတယ်။ အဲဒီနောက် အထက်တန်းကျောင်းသားဘဝမှာ သူအလွန်ဝါသနာပါတဲ့ အမေရိကန် နပန်းလုံးပွဲတွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ၁၈နှစ်အရွယ်မှာ MMA ပြိုင်ပွဲတွဲမှာ စတင်ထိုးသတ်ခွင့်ရခဲ့ကြောင်း တီရယ်ထန်ကပြောပါတယ်။ သူ့အနေနဲ့ နပန်းလုံးထိုးသတ်မှုတွေမှာ အလွန်ဝါသနာပါတဲ့အတွက်လည်း မေရီလန်းပြည်နယ်မှာနေတဲ့ နာမည်ကျော် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ကို ၂၀၁၆ခုနှစ်မှာ စတင်ဆက်သွယ်ခဲ့ကြောင်း တီရယ်ထန်က ဆိုပါတယ်။

“ကျနော် ကောလိပ်တွေလည်းသွားတယ် အလုပ်တွေလည်းလုပ်တယ်၊ ဒါပေမယ့် အဆင်မပြေဘူးပေါ့နော်။ ဒါပေမယ့် MMA training လုပ်တာ ထိုးတာတွေ ဝါသနာပါတယ်။ ဆိုတော့ ဒီဟာဆိုရင် ကျနော်မပျော်တော့ဘူးဆိုပြီး ကိုအောင်လကို ကျနော် ဆက်သွယ်တယ်၊ ကိုအောင်လနဲ့ ကျနော် သွားတွေ့ပြီးတော့ ကိုအောင်လက နင်တကယ်လုပ်မယ်ဆိုရင် ကူညီပေးမယ်၊ သင်လည်းသင်ပေးမယ် ဆိုပြီး ကျနော့် အမျိုးသမီးနဲ့ ကလေးနဲ့ မေရီလန်းမှာ ပြောင်းတယ်။ ကျနော်တို့နေတာက New York မှာနေတယ်။ ပြီးရင် ကျနော်အလုပ်ထွက်ပြီးတော့ ကိုအောင်လကို အားကိုးပြီးတော့ ကျနော်တို့ မေရီလန်းမှာ ပြောင်းလာတယ်။ အဲဒါက ၂၀၁၆။”

အောင်လအန်ဆန်ကိုလည်း လေးစားအားကြပြီး အတုယူကြောင်းလည်း တီရယ်ထန်ကပြောပါတယ်။

“ကျနော်သူ့ကို အရမ်းလေးစားတယ်၊ သူဘယ်လောက်အထိ ကြိုးစားတယ်ဆိုတာ ကျနော်အမြဲတမ်းတွက်တယ်ဆိုတော့ သူလုပ်သမျှ ကျနော်လည်း လုပ်ချင်တယ် ၊ သူ့ကို ကျနော်အကိုတယောက်လိုလည်း မြင်တယ်။ သူက ကျနော့်ကို အမြဲကူညီတယ်ဆိုတော့ ကျနော်သူ့ကို အရမ်းလေးစားတယ်။ သူလိုအောင်မြင်အောင်လည်း ကျနော်ကြိုးစားတယ်။ တနေ့ကျရင် ကျနော်အောင်မြင်မယ်လို့လည်း ယုံတယ်။

မေး။ ။ တီရယ်ထန် ကို Dragon Leg နဂါးခြေထောက် လို့ ဘာကြောင့်ပေးရသလဲရှင့်။

ဖြေ။ ။ ကျနော့်နာမည်က ကျနော့်ဆရာတွေက ပေးတာ၊ မြန်မာလူမျိုးနဲ့ ချင်းလူမျိုးဖြစ်တယ်ဆိုတော့ ကျနော်တို့ ဖိနပ်စီးတာကို ခြေထောက်ကို သူတို့အမြဲတမ်းတွေ့နေတယ်။ အဲဒါ စရင်းနဲ့ ကျနော့်ကို Dragon Leg လို့ခေါ်သွားတာ။

အခု မတ်လ (၈)ရက်နေ့ ရန်ကုန်မှာ ကျင်းပမယ့် One Championship နိုင်ငံတကာပြိုင်ပွဲကြီးမှာ ချင်းတိုင်းရင်းသားတဦးအနေနဲ့ မြန်မာကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ထိုးသတ် ရမှာဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူကြောင်း တီရယ်ထန်က ပြောပါတယ်။

“ကျနော်က ချင်းဖြစ်ပေမယ့် အခုထိုးမယ့်ပွဲက ချင်းလူမျိုးအတွက်ပဲမဟုတ်ဘူးလေ အကုန်လုံးမြန်မာပြည်က အားလုံးအတွက်ဆိုတော့ ကျနော်အရမ်းကိုဝမ်းသာပါတယ်။ ကျနော်အားကစားသမား တယောက်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ အခွင့်အရေးရတာကို ကျနော်အရမ်းဝမ်းသာတယ်။ ကျနော်လည်း Training ကို အရမ်းကို ကြိုးစားပြီးလုပ်ထားရတယ်။”

တီရယ်ထန်ဟာ အမေရိကန်ပြည်ထောင်စု MMA ပွဲစဉ်တချို့မှာလည်း ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ပါတယ်။ စုစုပေါင်း ရှစ်ပွဲရှိခဲ့ပြီး လေးပွဲနိုင်၊ သုံးပွဲရှုံးနဲ့ တပွဲက သရေရထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG