သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လွတ်လာသူတွေထဲ နိုင်/ကျဉ်း စာရင်း အတိအကျ မသိရသေး


 လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ့် အကျဉ်းသားတွေကို ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)
လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ့် အကျဉ်းသားတွေကို ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)

မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးက ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူ ၉,၆၀၀ ကျော်ကို ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ စစ်ကောင်စီက လွှတ်ပေးခဲ့တာမှာ လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် ပါဝင်တယ်ဆိုတဲ့ စာရင်းအတိအကျ ကောက်ယူဖို့ ခက်ခဲနေတယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ တချိန်ထဲမှာဘဲ မနေ့ကပြန်လွတ်တဲ့အထဲပါလာတဲ့ နိုင်ငံရေးအကျဉ်းသား သာယာဝတီ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကတော့ ပြန်အဖမ်းခံခဲ့ရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးမှာပါ။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက ပြန်လွတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ပါဝင်သလဲဆိုတာကို စာရင်းကောက်ယူနိုင်ဖို့ ကူညီသူတွေက ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ အခုချိန်ထိတော့ စာရင်း အတိအကျ သိနိုင်ဖို့ အတော်လေး ခက်ခဲနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP-B က တာဝန်ရှိသူတဦးက ဗွီအိုအေကိုခုလိုပြောပြပါတယ်။

“မနေ့ကအကျဉ်းသား ၉,၀၀၀ကျော်လွတ်တယ်။ အဲထဲမှာ နိုင်ကျဉ်း က ခုချိန်ထိ ကျနော်တို့ စာရင်းလိုက် နေတုန်းဘဲရှိသေးတယ်။ သေချာတာကတော့ အနည်းငယ်ဘဲ ပါတယ်လို့ပြောလို့ရမယ်။ ကျနော်တို့မှန်းထားတာ ၁၀၀ကျော်ကျော်လောက်ဘဲ ပါလိမ့်မယ်လို့ မှန်းထားတယ်။ ဒါမယ့်ခုချိန်ထိ စာရင်းကတိကျ မရသေးဘူး။ ဘာလို့လဲဆိုတော့ စာရင်းလိုက်ရတာ အရမ်းခက်တယ်။ စစ်အုပ်စုက လွတ်လိုက်တာက အရေအတွက်ဘဲ ကြေငြာတာ။ အဓိကကတော့ နိုင်ငံတကာကို လှည့်စားချင်တဲ့အတွက်ကြောင့်ပေါ့။ အရေအတွက်ဘဲ ကြေငြာပြီး အကျဉ်းသား ၉,၀၀၀ကျော်လွတ်လိုက်တယ်ဘဲ ပြောတာပေါ့။ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲ မပြောတော့ဘူး။ စာရင်းကလည်း ကျနော်တို့ လိုက်နေတုန်းရှိသေးတယ်။ ခန့်မှန်းခြေ တရာကျော်ကျော်လောက်ဘဲ လွတ်မယ်မှန်းတယ်။”

မနေ့ ဇန်နဝါရီ ၄ ရက်နေ့က ပြန်လွတ်လာသူတွေထဲ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရား စွဲဆိုခံထားရတဲ့ အမှုတွေကနေ လွတ်မြောက်လာသူတွေများသလို အထွေထွေ ရာဇဝတ်အမှုအကျဉ်းသား အများစု ပါဝင်ခဲ့တယ်လို့ AAPP က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ အကျဉ်းသားတွေ ထောင်ချီ လွှတ်ပေးလိုက်ပေမဲ့ နိုင်ငံရေးစေတနာ မပါဝင်သလို ရာဂဏန်းမျှသာ ပြန်လွတ်ပေးခဲ့တာဖြစ်ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာလည်း ပြစ်ဒဏ်လွတ်ရက်စေ့ခါနီးသူတွေ အများစု ပါဝင်တယ်လို့ ပြောပါတယ်။

“ခန့်မှန်းခြေက အများဆုံးက အင်းစိန်ပေါ့။ ဒုတိယအများဆုံးကတော့ အိုးဘို(ထောင်)ပေါ့။ စေတနာပါလို့တော့ မဟုတ်ဘူး။ သို့သော်ညားလည်း ၅၀၅ တွေကို အဓိကထားပြီးတော့ လွတ်နီးတွေ၊ လွတ်ရက်စေ့ခါနီးတွေကိုဘဲ ရွေးချယ်ပြီးတော့ လွတ်ပေးလိုက်တဲ့အခါကျတော့ ၅၀၅ ပုဒ်မတွေက၊ အဖမ်းခံရတဲ့ သူ ၂၀,၀၀၀ လောက်မှာ ၅၀၅ ပုဒ်မက ၃ပုံ ပုံ ၂ပုံလောက် ရှိနေတာလေ။ ဘာမှ မကျန်တော့ဘူး။ တကယ့်တကယ် လျော့ရက်သာပေးရင် အဲလူတွေ ကြာလှပြီ လွတ်နေတာ။ လျော့ရက်လည်း မပေးဘူး နိုင်ကျဉ်းတွေ အပေါ်မှာ။ သတိထားမိသလောက်ကတော့ မသကာရှိမယ်ဆိုရင် ၃၅၀၊ ၄၀၀ နီးပါးလောက်တော့ ရှိတယ်။”

ဧရာဝတီတိုင်း၊ ဟင်္သာတထောင်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁၉၀ ကျော်နဲ့ မြင်းခြံထောင်က ပြန်လွှတ်ပေးလိုက်တဲ့ ၅၀ လောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။ သက်ဆိုင်ရာ မိသားစုတွေကို ကြိုတင်အသိပေးတာ၊ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားစာရင်းကို ထုတ်ပြန်တာမျိုး မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အတိအကျ သိနိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်လာသူ တဦး (ဇန်နဝါရီ ၄၊ ၂၀၂၄)
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်လာသူ တဦး (ဇန်နဝါရီ ၄၊ ၂၀၂၄)

မနေ့က လွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျ တို့ အိုးဘိုထောင်ကနေ ပြန်လွတ်ခဲ့ကြသလို NLD အစိုးရလက်ထက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူမှုဝန်ကြီး ဒေါက်တာ လှမြတ်သွေးလည်း ပုသိမ်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

မနေ့က လွတ်မြောက်လာတဲ့အထဲ ပါဝင်ပြီး ခံဝန်လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပြန်လည်အဖမ်းခံရပြီး နောက်ထပ်အမှုတပ် တရားစွဲခံရတဲ့သူတဦးလည်းရှိပါတယ်။ သူကတော့ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ကိုယ်စားပြု NLD အမတ်တဦးဖြစ်သူ ဦးအောင်မြင့်ဟာလည်း ပြန်လွတ်လာသူတွေထဲ ပါဝင်ခဲ့ပေမယ့် ခံဝန်လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က အခုလို ပြောပါတယ်။

“သာယာဝတီထောင်မှာ ကွိုင်တက်တာက ကိုအောင်မြင့်ကို ဝန်ခံခိုင်းတာ ၄၀၁-၁ ဆိုတော့၊ ခံဝန် ထိုးခိုင်းတာပေါ့နော်။ တမင် ရည်ရွယ်ချက်ရှိရှိ ခံဝန်ထိုးခိုင်းတော့ မထိုးတဲ့အခါကျတော့ ခံဝန်မထိုးရကောင်းလားဆိုပြီး ပြန်ပြီး ထောင်ထဲပြန်ထည့်ပေါ့နော်။ နောက်မှုဖွင့်တဲ့သဘော။ ဟုတ်တယ် သူက လွတ်ဖို့၊ လွတ်ရက်စေ့နေပြီလေ။ လွတ်ရက်စေ့နေတဲ့သူကို မလွတ်တာပေါ့။ လွတ်ငြိမ်းနဲ့လွတ်ပြီးပြီ၊ ခံဝန်မထိုးလို့ ပြန်ဖမ်းတာ။”

ဦးအောင်မြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆို ထောင်ချခဲ့တာ လွတ်ရက်စေ့တော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇန်နဝါရီ ၃ရက်ထိ ဖမ်းဆီးခံထားရသူ အကျဉ်းသား ၂၅,၀၀၀ ကျော်ရှိပြီး သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၈၀၀ ကျော်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ AAPP-B ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG