သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်လပ်ရေးနေ့မှာ လူထုနဲ့ အတူရပ်တည်ကြောင်း အမေရိကန်ထုတ်ပြန်


(၇၆) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် (ဇန်နဝါရီ ၄၊ ၂၀၂၄)
(၇၆) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် (ဇန်နဝါရီ ၄၊ ၂၀၂၄)

ဇန်နဝါရီလ (၄) ရက် ကြာသပတေးနေ့ (ဒီနေ့) မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် မြန်မာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေအပေါ် ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့ ဝန်ကြီး အန်ထိုနီဘလင်ကန်က ကတိပြုကြောင်း ဇန်နဝါရီ (၃) ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းပြည် တည်ငြိမ်လုံခြုံရေးအတွက် ဆောင်ကြဉ်းပေးမယ့် မြန်မာပြည်သူပြည်သားတွေနဲ့ တညီတညွတ်တည်း ရပ်တည်နေကြောင်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူလူထုအပေါ်မှာ အစဥ်တစိုက် ထောက်ခံအားပေးခဲ့ပြီး စည်းလုံးညီညွှတ်တဲ့ ပြည်ထောင်စုတခု တည်ထောက်နိုင်မယ့် အနာဂတ်ကို ကိုယ်ပိုင် ပုံဖော်နိုင်ခွင့်ကို ကာလကြာရှာ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်ဆင်ရေးသဖွယ် ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက တိုင်းပြည် သာယာဝပြောမှုကို ပြန်လည်ရရှိဖို့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ပန်းတိုင်တွေအတွက် မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို မမှေးမှိန်စေဘူးလို့လည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို ရုန်းကန်ကြိုးစားနေတဲ့ခရီးလမ်းတလျှောက် ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာအတွက်လည်း အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းပူဆွေးပြီး ဂုဏ်ပြုကြောင်း ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီကိုလည်း အကြမ်းဖက်မှုတွေကိုအဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားသူတွေကိုလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုပေးဖို့နဲ့ ရှေ့မှာ တိုးတက်မှုရှိပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်း အပေါ် ပြန်သွားဖို့ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုဖို့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေနဲ့ အခမ်းအနားတွေကို ခမ်းခမ်းနားနား လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ထုံးတမ်းစဥ်လာအရ လုပ်လေ့ရှိတဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဥ်းသားလွှတ်ပေးရေး အစီအစဥ်တွေမှာ စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေးကြောင့်အကျဥ်းကျသူတွေနဲ့ အရေးကြီး ခေါင်းဆောင်တွေ ပါနိုင်မလား ဆိုပြီးလည်း ပြည်တွင်းနဲ့နိုင်ငံတကာမှာ စောင့်ကြည့်တွက်ဆနေကြပါတယ်။

XS
SM
MD
LG