သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော်ဗန်ဂိုးပန်းချီကား ခိုးခံရပြီး ၃ နှစ်ကြာမှာပြန်ရှာတွေ့ 


ပန်းချီဆရာကြီးဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ "Parsonage Garden at Nuenen in Spring" ပန်းချီကားနဲ့အတူတွေ့ရတဲ့ ဒက်ချ်နွယ်ဘွား အနုပညာပစ္စည်းများဆိုင်ရာ စုံထောက် Arthur Brand (စက်တင်ဘာ ၁၁၊ ၂၀၂၃)
ပန်းချီဆရာကြီးဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ "Parsonage Garden at Nuenen in Spring" ပန်းချီကားနဲ့အတူတွေ့ရတဲ့ ဒက်ချ်နွယ်ဘွား အနုပညာပစ္စည်းများဆိုင်ရာ စုံထောက် Arthur Brand (စက်တင်ဘာ ၁၁၊ ၂၀၂၃)

ကိုဗစ်ကပ်ရောဂါကာလထဲမှာ ပိတ်ထားခဲ့ရတဲ့ ပြတိုက်ကနေခိုးခံခဲ့ရတဲ့ ကမ္ဘာကျော် ပန်းချီကားတကား ၃ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ နာမည်ကျော် ဒက်ချ်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ပန်းချီကားကို ပြန်ရှာတွေ့ခဲ့တယ်ဆိုတာ နယ်သာလန်နိုင်ငံမှာရှိတဲ့ Groninger Museum ဟရုန်နင်ဟာပြတိုက်က စက်တင်ဘာ ၁၂ ရက်နေ့ကပဲ အတည်ပြုသွားပါတယ်။ ဗန်ဂိုးရဲ့ The Parsonage Garden at Nuenen in Spring နူနန်မြို့ ဘုရားကျောင်းရဲ့ နွေဦးပန်းခြံပန်းချီကားဟာ ၁၈၈၄ ခုနှစ်မှာ ဆွဲခဲ့တာဖြစ်ပြီး ၂၀၂၀ မတ်လထဲမှာ အမ်စတာဒမ်မြို့တော် အရှေ့ခြမ်း Singer Laren ဆင်ဂါလာ့ရန်ပြတိုက်ကနေ ညဘက်ဝင်ရောက်စီးနင်းပြီး ခိုးခံရတာ ဖြစ်ပါတယ်။ အဲဒီပန်းချီကားကို ဟရုန်နင်ဟာပြတိုက်က‌နေ ငှားထားချိန် ခိုးခံရတာပါ။

“ဒီပန်းချီကား ပြန်ရရှိလို့ ဟရုန်နင်ဟာပြတိုက်အနေနဲ့ အထူးဝမ်းမြောက်ပြီး စိတ်သက်သာရာ ရမိပါတယ်” လို့ ပြတိုက်ညွှန်ကြားရေးမှူး Andreas Blühm အန်ဒရေးရပ်စ် ဘလူးမ်က ပြောပါတယ်။

“ဒီလိုအခြေအနေရောက်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးသူ မှန်သမျှကို အထူးကျေးဇူးတင်ပါတယ်” လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

ဒီကိစ္စမှာ အဓိက ပါဝင်လုပ်ကိုင်ပေးတဲ့ ဒက်ချ်နွယ်ဘွား အနုပညာပစ္စည်းများဆိုင်ရာ စုံထောက် Arthur Brand အာသာဘရန်းကို အထူးရည်ညွှန်း ကျေးဇူးတင်ကြောင်းပြောထားပေမဲ့ အသေးစိတ်ကိုတော့ မဖော်ပြပါဘူး။ ပန်းချီကားကို ဘယ်လို ပြန်ရသလဲဆိုတာလဲ ဖြေကြားဖို့ ငြင်းဆန်ပါတယ်။

“ဒီပန်းချီကားမှာ ထိခိုက်မှုတော့ရှိတယ်၊ ဒါပေမဲ့ အပေါ်ယံပြောရရင် ကောင်းကောင်းမွန်မွန်တော့ရှိနေပါတယ်” လို့ လည်း ပြောပါတယ်။ လာမယ့််လတွေအတွင်း ဒီပန်းချီကားကို သိပ္ပံနည်းကျ အသေးစိတ်ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။ လောလောဆယ် ပန်းချီကားကို အမ်စတာဒမ်မြို့တော်က ဗန်ဂိုးပြတိုက်မှာ ယာယီထား ထားပါတယ်။ ဒီပန်းချီကားတန်ဖိုးကိုလည်း မသိရပေမဲ့ တခါတလေ ကြုံတောင့်ကြုံခဲ လေလံတင်ရင် ဒေါ်လာသန်းပေါင်းများစွာ ရတာပါ။ ဒါပေမဲ့လည်း ဒီပန်းချီကား ခိုးခံရကတည်းက အာမခံကုမ္ပဏီက လျော်ပြီးသွားတာမို့ အာမခံကုမ္ပဏီက ဒီပန်းချီကားကို ပိုင်သွားပြီး ပြတိုက်အနေနဲ့တော့ ပန်းချီကားကို အရင်ဆုံးပြန်ဝယ်ပိုင်ခွင့်ရှိတဲ့အတိုင်း ပြန်ဝယ်ယူမယ်လို့ ပြောပါတယ်။ “The Parsonage Garden at Nuenen in Spring” ပန်းချီကားကို ပြတိုက်မှာ မကြာခင် ပြန်ပြသထားနိုင်ဖို့ မျှော်လင့်ပေမယ့် ဒီကြားထဲမှာ လတော်တော်မကြာရင်တောင် သတင်းပတ်အနည်းငယ်တော့ ကြာဦးလိမ့်မယ်လို့လည်း ပြောပါတယ်။

ပန်းချီဆရာကြီးဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ "Parsonage Garden at Nuenen in Spring" ပန်းချီကား
ပန်းချီဆရာကြီးဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ "Parsonage Garden at Nuenen in Spring" ပန်းချီကား

၁၀ လက်မ ၂၂ လက်မ စက္ကူပေါ်မှာရေးဆွဲထားတဲ့ ဆီဆေးပန်းချီကားဟာ ဘုရားရှိခိုးကျောင်းမျှော်စင် နောက်ခံနဲ့ ပန်းခြံတခုထဲ သစ်ပင်တွေအလယ်မှာ လူတယောက်ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ဆရာကြီးဗန်ဂိုး နယ်သာလန်နိုင်ငံ သူ့မိသားစုတွေရှိရာ နယ်ဘက်ကို ပြန်ပြောင်းရွှေ့နေထိုင်ချိန် ရေးဆွဲခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ကျော် “The Potato Eaters” အာလူးစားသူများ ပန်းချီကားအပါအဝင် သူမြင်တွေ့ရတဲ့ ဘဝနဲ့ ဝန်းကျင်ကို ခပ်ခြောက်ခြောက်မှိန်မှိန် ရေးဆွဲထားတဲ့ ပန်းချီတွေထဲက တကားဖြစ်ပါတယ်။

နောက်ပိုင်းမှာ သူ ပြင်သစ်နိုင်ငံတောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ပြီး အဲဒီမှာတော့ သူ အရောင်ပိုတောက်တောက်တွေ သုံးပြီး ၁၈၉၀ ခုနှစ်မှာ ကျန်းမာရေးချို့ယွင်းပြီး မဆုံးပါးခင်အချိန်အထိ ပိုသွက်လက်တောက်ပတဲ့ ပန်းချီကားတွေ ရေးချယ်ခဲ့ပါတယ်။

XS
SM
MD
LG