ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို စစ်ကောင်စီ ခေါင်းဆောင်က လွှဲပြောင်းယူလိုက်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ ဆေးခွင့်နဲ့ ကုသမှုခံယူနေရတာကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ (ကာလုံ) လုပ်ငန်းတွေကို စစ်ကောင်စီ အကြီးအကဲထံ လွှဲပြောင်းပေးမှာဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး ယိုယွင်းလာတာကြောင့် ဆေးခွင့်ယူထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့ပြီး အခုလို တာဝန်လွှဲပြောင်းယူတဲ့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။ ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ခြေလက်တုန်ပြီး အစားသောက်ပျက်တဲ့ အတွက် ဆေးစစ်ရာမှာ အာရုံကြော နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါနဲ့ အာရုံကြောအားနည်းတဲ့ ရောဂါတွေ ခံစားနေရတာကို တွေ့ရကြောင်းနဲ့ ဒီနှစ် ဧပြီ ၁၅ ကနေ ၁၉ ရက်နေ့ အထိ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံနဲ့ မေလ ၂၇ ရက်နေ့မှ ဇွန် ၁၈ ရက်နေ့အထိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ မှာ ဦးနှောက်နဲ့အာရုံကြော ဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
ဆေးရုံတက်နေစဉ်အတွင်း မျက်စိ ၂ ဘက်စလုံးအတွက် အတွင်းတိမ် ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အတွက် အမြင်အာရုံ ပြန်ကောင်းလာပေမယ့် အာရုံကြောအားနည်းရောဂါ ဆက်လက်ခံစားနေရတဲ့ အတွက် ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင် ၃၀ အထိ ဆေးခွင့်နဲ့ နေအိမ်မှာပဲ စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပါအဝင် အထူးဆေးကုသမှု အဖွဲ့က အနီးကပ်ကြီးကြပ်ကုသပေးနေတယ်လို့ဆိုပါတယ်။ ဦးမြင့်ဆွေဟာ အခုချိန်အထိ ကျန်းမာရေးအခြေနေ ကောင်းမွန်မှု မရှိသေးပဲ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေ မလုပ်နိုင်တဲ့ အတွက် ဆေးကုသမှုခံယူနေရဆဲလို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး အဲဒီအချိန်က ဒုသမ္မတတာဝန် ယူထားတဲ့ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ်နဲ့ စစ်ကောင်စီက နိုင်ငံတော်ကို အရေးပေါ်အခြေနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဦးမြင့်ဆွေကို ၆ လတကြိမ် ကျင်းပတဲ့ ကာ/လုံအစည်းဝေးက လွဲလို့ လူမြင်ကွင်းမှာ မတွေ့ရသလို အုပ်ချုပ်ရေး ကိစ္စတွေမှာ ပါဝင်တာလည်း မတွေ့ရပါဘူး။
Forum