ပြင်သစ်နိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က ဒုတိယအကျော့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ Marine Le Pen ဦးဆောင်တဲ့ လက်ယာယိမ်းအုပ်စု အာဏာရမယ့်အရေးကို လက်ဝဲယိမ်းအုပ်စုက ဟန့်တားနိုင်ပြီး မဲအသာစီးရခဲ့တဲ့အတွက် ဘယ်ပါတီမှ အစိုးရဖွဲ့လောက်တဲ့အထိ အနိုင်မရဘဲ ဖြစ်နိုင်တဲ့အခြေဆိုက်နေပြီး အစိုးရသစ်ဖွဲ့ရေးအတွက် ညှိနှိုင်း အပေးအယူလုပ်တာတွေေ ဒီကနေ့ စတင်နေပါပြီ။
တနင်္ဂနွေနေ့ညက ကြေညာလိုက်တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ မကြာခင်ကမှ အသစ်ဖွဲ့စည်းလိုက်တဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းအုပ်စုက လွှတ်တော်အမတ်နေရာ ၁၈၀ နဲ့ အများစု အနိုင်ရလိုက်တာကြောင့် ပြင်သစ်နိုင်ငံသားတွေ ဝမ်းသာပြီး မြို့တော်ပါရီလမ်းမပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။
“လက်ယာစွန်းရောက် National Rally ပါတီ အနိုင်ရမယ့်အရေးကို ဒီကနေ့ ကျနော်တို့ ဟန့်တားခဲ့ကြပါတယ်။ ကျနော်တို့တွေ စိတ်သက်သာရာ ရစေဖို့အတွက် မဲပေးခဲ့ကြတဲ့ ပြင်သစ်နိုင်ငံသားတွေကို ခင်ဗျားတို့ကတဆင့် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဒါဟာ ပြည်ထောင်စုကို လက်ယာစွန်းအုပ်စုရဲ့ အန္တရာယ်ကနေ ဟန့်တားပြီး မျှော်လင့်ချက်တွေ ရှင်သန်စေတဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းအဖွဲ့ရဲ့ ပထမ အောင်မြင်မှုဖြစ်ပါတယ်” - လို့ ပြင်သစ် ဆိုရှယ်လစ်ပါတီအကြီးအကဲ Olivier Faure က ရွေးကောက်ပွဲအပြီး ပြုလုပ်တဲ့ အခမ်းအနားမှာ ထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။
Le Pen ဦးဆောင်တဲ့ National Rally ပါတီက ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ သိသိသာသာ အသာစီးရခဲ့ပေမယ့် အခုတကြိမ် ကျင်းပတဲ့ ဒုတိယအကျော့မှာတော့ အမတ်နေရာ ၁၄၃ နေရာသာ အနိုင်ရခဲ့ပါတယ်။ သမ္မတ Emmanuel Macron ဦးဆောင်တဲ့ အလယ်အလတ်ဝါဒီပါတီကတော့ အမတ်နေရာ ၁၆၀ နဲ့ ဒုတိယအများဆုံး အနိုင်ရခဲ့ပါတယ်။ ဒါဟာ မျှော်လင့်ထားတာထက် သမ္မတ Macron ပါတီ အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။
Forum